ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) ကျင်းပ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ - ၈

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၃/၂၀၂၃)ကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

        အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ တို့တက်ရောက် ကြသည်။

        ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လတ်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖြစ်စဉ်များနှင့် ဆက်စပ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြလိုကြောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် လောက်ကိုင်ဒေသ၊ ချင်းရွှေ ဟော်ကို အဓိကထား၍ MNDAA‌ သောင်းကျန်းသူအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်သည် သာမန်အားဖြင့် MNDAA  မှတိုက်ခိုက်ခြင်းဖြစ်သော်လည်း သမိုင်း အရဆက်စပ်မှုများရှိကြောင်း၊ ၂၀၀၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ ဖုန်ကြားရှင်ဦးစီး သည့် အထူးဒေသ(၁)ရှိကြောင်း၊ အဆိုပါဒေသတွင် မူးယစ်ဆေးဝါးများထုတ်လုပ် ရောင်းချခြင်း၊ လက်နက်ခဲယမ်းများထုတ်လုပ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်အနေဖြင့် ဆောင်ရွက်ခြင်းမပြုရန် တားဆီးခဲ့ကြောင်း၊ သို့သော် လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် မိမိကိုယ်တိုင်ဦးစီး၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံများ၊ လက်နက်ခဲယမ်းထုတ်လုပ်သည့် စက်ရုံများကို သိမ်းဆည်း ရမိခဲ့ပြီး မူးယစ်ဆေးဝါးမြောက်များစွာဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက် ခဲ့ခြင်းကြောင့် ဖုန်ကြားရှင်နှင့် အဖွဲ့သည် အဆိုပါနေရာမှ ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့နေရာတွင် ဦးပယ်ဆောက်ချိန် ဦးဆောင်သည့်အဖွဲ့ကို ယာယီအနေဖြင့် တာဝန်ပေးဆောင်ရွက်ခဲ့ပြီး ကိုးကန့်ဒေသပြန်လည်ထိန်းသိမ်းရေးအတွက် ဆောင်ရွက် ခဲ့ကြောင်း။

        ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲဆောင်ရွက်ပြီးချိန်တွင် ဦးပယ်ဆောက်ချိန်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ပေးအပ်ခဲ့ ကြောင်း၊ ဖုန်ကြားရှင်အဖွဲ့အနေဖြင့် ဆုတ်ခွာပြီးနောက်ပိုင်းတွင် အထူးဒေသ(၄) မိုင်းလား၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကျန်းမာရေးမကောင်းမှု ကြောင့် ၎င်းကိုစွဲဆိုထားသည့် အမှုများမှကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအတွက် အရှည်မျှော်တွေး၍ ဆောင်ရွက်ပေးခဲ့သော် လည်း လိုက်နာမှုမရှိဘဲ အခွင့်အရေးရသည်နှင့်အစိုးရကို ဆန့်ကျင်ရန်၊ ကိုးကန့်နယ် မြေအတွင်းအာဏာ ပြန်လည်တည်ဆောက်ရန်သာ အမြဲဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင်လည်း ဦးဆောင်သူအနေဖြင့် ဖုန်ကြားရှင်၏သား ဖုန်တာရွှင်မှ ဦးဆောင်ခဲ့ခြင်းဖြစ် သည်ကို တွေ့ရှိရကြောင်း။

        ၎င်းအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများကိုဆောင်ရွက်ပြီး အဆိုပါ လုပ်ငန်းမှရရှိသည့် ဝင်ငွေဖြင့် အင်အားတောင့်တင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် NLD အစိုးရမတက်မီအချိန်အထိ မိမိတို့နေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင်း မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် လောက်ကိုင် ဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ များပြားလာသည့် အပြင် အခြားတရားမဝင်လုပ်ငန်းများလည်း ပါဝင်လာကြောင်း၊ အထူးသဖြင့် လောင်း ကစားဝိုင်းကိစ္စများဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုများတွင် တစ်ဖက်နိုင်ငံသားများ က လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာကြောင်း၊ ကိုဗစ် -၁၉ ဖြစ်ပွားချိန် နောက်ပိုင်းတွင် ၎င်းလောင်းကစားဝိုင်းများသည် အွန်လိုင်းလောင်းကစားမှုများ အဖြစ် အသွင်ပြောင်း၍ ဆက်လက်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရကြောင်း။

        အဆိုပါအချိန်တွင် ဖုန်ကြားရှင်အဖွဲ့များက လောက်ကိုင်ဒေသအား အထူးဒေသ (၁)အဖြစ်ပြန်လည်အခြေချလည်ပတ်နိုင်ရေး တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း၊၎င်းတို့ ၏ ဩဇာကိုပြန်လည်တည်ဆောက်လိုခြင်းဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် ဖုန်အုပ်စုနှင့် ရန်အုပ်စုဟူ၍ရှိကြောင်း၊ ၁၉၉၈-၁၉၉၉ ခုနှစ်ဝန်းကျင် ခန့်တွင် ဖုန်/ရန်အရေး အခင်းဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်ပိုင်းဖြစ်ပွားခဲ့သည့် ဖုန်/ရန်အရေး အခင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရန်မိုးလျံအုပ်စုကို ပြည်တွင်းဒေသအချို့တွင် နေရာချထားပေးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဦးပယ်ဆောက်ချိန် အုပ်စုအား တာဝန်ပေးအပ်ခဲ့ခြင်းအပေါ် ၎င်းတို့အနေဖြင့်ကျေနပ်မှုမရှိခဲ့ကြောင်း၊ ထို့ကြောင့် တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် ၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း။

        အဓိကအားဖြင့် မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကထားဆောင်ရွက်သည့် နေရာဒေသဖြစ်ကြောင်း၊ လောက်ကိုင်မြို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့ဖြစ်ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏ဩဇာ အာဏာကိုပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့တိုက်ခိုက်မှု များကို လုပ်ဆောင်လာ ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ၂၀၂၂ ခုနှစ် မှစတင်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ခဲ့သည်ကို သိရှိရကြောင်း၊ MNDAA အဖွဲ့အနေဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေး ၎င်းတို့၏ မဟာမိတ်ပြုထားသော အဖွဲ့များ နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ ထိုကဲ့သို့တိုက်ခိုက်မှု လုပ်ဆောင် ရန်ပြင်ဆင်နေ ခြင်းကို MNDAA အဖွဲ့၏မဟာမိတ်များနှင့် ယင်းတို့၏မိတ်ဆွေများ အားလုံးသိရှိကြ ကြောင်း၊ မိမိအနေဖြင့် NCA လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားပြီး တပ်မတော်အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာလျှောက်လှမ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်နိုင်ငံတော် တာဝန်များထမ်းဆောင်ချိန်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူမှုများကို ဖြေရှင်း ဆောင်ရွက်နေရခြင်းကြောင့် လောက်ကိုင်ဒေသကို အာရုံစိုက်မှုနည်းပါးခဲ့ကြောင်း၊ MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှရရှိသည့် အကျိုး အမြတ်များကိုခံစားလိုပြီး ၎င်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခု ဖြစ်စဉ်များဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကြီးမားသည့် မူးယစ် ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၈၂  ကြိမ်၊ တရားခံပေါင်း ၁၄၀ ဦး၊ ကာလတန်ဖိုးငွေ ၇၁ ဒသမ ၅၉ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေ ဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်အတွင်း ၎င်းဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများ များပြားလာ ခဲ့ကြောင်း၊ အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများမှာ တစ်ဖက်နိုင်ငံသားများပိုင်ဆိုင်သည့် ဟိုတယ်လုပ်ငန်းများဖြစ်သည်ကို စိစစ်တွေ့ရှိရ ကြောင်း၊ လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုရှိကြောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ထားသော ဟိုတယ် ၁၂ လုံးသာရှိပြီးကျန်ဟိုတယ် ၁၄၁ ခုမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီ အစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ထားသည့် ဟိုတယ်များဖြစ်သည် ကိုတွေ့ရကြောင်း၊ အများစုမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း၌ တည်ဆောက်ခဲ့ပြီး အဆင့်မြင့် ၁၂ ထပ် ၁၃ ထပ်အဆောက်အဦများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက် ခဲ့သည်ကိုတေွ့ရကြောင်း၊ အဆိုပါဟိုတယ်များ၌ အွန်လိုင်းငွေကြေး လိမ်လည်မှုများ နှင့် အခြားတရား မဝင်လုပ်ငန်းများဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါ ဟိုတယ်များ အား စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သည့်အချိန်တွင် တရုတ်နိုင်ငံသား  ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှား နိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးစုစုပေါင်း  ၇၇၈၀ ဦးဖမ်းဆီးရမိခဲ့ပြီး  အဆိုပါ ဖမ်းဆီးရမိ သူများထဲမှ တရုတ်နိုင်ငံသား ၆၈၉၂ ဦးအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ကျန်ရှိသူများကို စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းများ မရှိစေရေး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Force  ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

MNDAA အနေဖြင့် “ဝ” နယ်မြေအတွင်း၌  ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင် ခဲ့ပြီး အဓိကအင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှချင်းရွှေဟော် သို့ဖြတ်ဝင်၍တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါမနက်ပိုင်းတွင် နမ့်တစ်ချောင်း အားဖြတ်ကူး ၍ ချင်းရွှေဟော်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ဒေသရှိ လုံခြုံရေးစခန်းများမှာ စစ်ဆင် ရေးစခန်း များမဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းများသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Drone များအသုံးပြု၍ Drop Bomb များ အများအပြားအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် MNDAA နှင့်အတူ KIA  ၊ TNLA ၊ AA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များပါဝင်ခဲ့သည်ကိုတွေ့ရကြောင်း၊အဓိကအနေဖြင့် MNDAA နှင့် TNLA အဖွဲ့မှ ဖြစ်ကြောင်း။

၎င်းတို့အနေဖြင့်တစ်ဖက်မှ ချင်းရွှေဟော်အားတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင်လာသည့်အဖွဲ့များဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း၊ TNLA က လည်း သိန္နီကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်အောင် တိုက်ခိုက်ခဲ့ ကြောင်း၊ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နောင်ချိုအနီး မန္တလေး-လားရှိုး ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ MNDAA မှတိုက်ခိုက်လျက်ရှိချိန်တွင် KIA အနေဖြင့် ကချင်ပြည်နယ် အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စခန်းငယ်တစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တုန့်ပြန်မှုများဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ MNDAA အဖွဲ့အနေ ဖြင့်လည်း ထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သော ပြန်လည်တုံ့ပြန် မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မူဆယ်နှင့် ချင်းရွှေဟော်ဒေသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် လမ်းကြောင်းဖြစ်သည်ကို  MNDAA အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ လာမည့်နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ဖွင့်လှစ်ရန်အတွက် စီစဉ်ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ၌ MNDAA က ၎င်းဒေသကိုတိုက်ခိုက်လာ သည်မှာ များစွာသတိပြုသင့်သော အချက်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆံများတရုတ် နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက် တာဝန်ရှိသူများကဖြေရှင်းဆောင် ရွက်လျက်ရှိကြောင်း၊  မိမိတို့အနေဖြင့် နယ်စပ် ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင် ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ သို့သော် တစ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်လွတ် စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိ ကြောင်း၊ သာမန်အရပ်သူ၊ အရပ်သားများ ထိခိုက်အောင် လုပ်ဆောင်နေမှုများ ရှိကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း ပွဲလန့် တုန်းဖျာခင်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများတွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများကဝင်ရောက်တိုက်ခိုက်မှုများ လုပ် ဆောင်လာကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများနှင့်အတူ KIA နှင့် AA အဖွဲ့တို့လည်းပါဝင်သည်ကိုတွေ့ရကြောင်း၊ တွေ့ရှိရသည့် အခြေအနေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေး တင်ပြခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသဖြစ်စဉ် များတွင် MNDAA အဖွဲ့အနေဖြင့်  Drone များကို အဓိကထားအသုံးပြု၍တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ Drone များမှာတရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များဖြစ်ပြီး ဈေးကွက်တွင်လွယ်ကူစွာဝယ်ယူ၍ရနေကြောင်း၊ ဒေသခံများအနေဖြင့် ယခုဖြစ်စဉ်များ၌ ပါဝင်လိုသည့်စိတ်မရှိ သည်ကိုတွေ့ရကြောင်း၊ သို့သော် အတင်းအဓမ္မအင်အား စုဆောင်းခြင်းများကြောင့် ပါဝင်ခဲ့ရသူများရှိကြောင်း၊ ပြည်သူ့စစ်အများစုအနေဖြင့် တပ်မတော်နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယခုဖြစ် စဉ်များဖြစ်ပွားချိန်တွင် နယ်မြေခံပြည်သူ လူထုအနေဖြင့် MNDAA အဖွဲ့သတင်းအား တပ်မတော်ထံပေးပို့မှုများရှိပြီး ထိထိ ရောက်ရောက်ပြန်လည်တုံ့ပြန် မှုများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လွန်ခဲ့သည့်ရက် များမှစ၍ တပ်မတော်၏ လိုအပ်ချက်များကို ပါဝင်ကူညီပေးမှုများရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ တိုင်းစစ်ဌာနချုပ်များနှင့် ပြည်နယ်အစိုးရများရှိသည့် မြို့နယ်များတွင် ပြည်သူများမှ အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ရှေ့တန်းရောက်တပ်မတော် သားများအတွက် ပစ္စည်းများလှူဒါန်းခြင်းများကို ဆောင်ရွက်ပေးကြကြောင်း၊ အဆိုပါ လှူဒါန်းထားသည့် ပစ္စည်းများအား ရှေ့တန်းရောက် တပ်မတော်သားများထံ ရောက်ရှိ ရေး ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ပြင်ပမှပရဟိတအဖွဲ့များမှလည်း ချက်ပြုတ်၍ ရှေ့တန်းရောက် တပ်မတော်သားများထံပေးပို့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များမထိခိုက်စေရေးအတွက်  ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့်လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေး ရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေ သည့် တိုက်ပွဲများ၏အခြေအနေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ စုပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

   ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အထူးဖိတ်ကြားထားသူများက မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင်လက်နက် ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက တပ်စခန်းငယ်များ၊ ရဲစခန်းများ၊ မီးသတ်စခန်းများကို တိုက်ခိုက်ခဲ့မှု၊ အစိုးရအဆောက်အဦနှင့် လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် NUG လက်အောက်ခံ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက ကျေးရွာများတွင် ဆက်ကြေးကောက်ခံခြင်းနှင့် ပြည်သူလူထုအား ရက်စက်စွာသတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ အကြမ်းဖက်သောင်းကျန်းသူများကို ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ တရားဥပဒေစိုးရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး အမြန်ဆုံးပြန်လည်ရရှိအောင် ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေမှု ကိစ္စရပ် များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် အဓိကကျသည့် အချက် ၂ ချက်ကိုဦးစွာထောက်ပြလို ကြောင်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေး ဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစ မှာ မူးယစ်ဆေးဝါးပြသနာပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့်အသက်ဆက်ခဲ့ကြောင်း၊ ၎င်းလမ်းစဉ်ဖြင့် မူးယစ်ဆေး ထုတ်လုပ်၊ သယ်ဆောင် ရောင်းချမှုကို ကာကွယ်ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရား မဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မား ရေးကိုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ ပြည်တွင်းသောင်းကျန်းမှုများကို နှိိမ်နင်း ခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက်မြင့် မားရေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ချင်းရွှေဟော်ဒေသ မှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ပြောကြားသည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်းသူများအရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန် ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးတင်ပြချက်များကို မှတ်တမ်းတင်ပါ ကြောင်းပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။