ရန်ကုန်၊ မွေးမြူရေး
ငါးရှဉ့်မွေးမြူရေးလုပ်ငန်းသည် ပြည်ပသို့တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေများစွာရရှိ သောလုပ်ငန်းဖြစ်သည့် အတွက် ငါးမွေးမြူသူများအနေဖြင့် ငါးရှဉ့်မွေးမြူသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်၏ ပြောဆိုချက်အရ သိရသည်။
“ငါးရှဉ့်မွေးမြူသူတွေအနေနဲ့ ငါးရှဉ့်ကို အရွယ်အစားကြီးပြီး ဈေးပိုကောင်းမယ့် အချိန်ကိုစောင့်နိုင်မယ်ဆိုရင် သုံးဆလောက် ဈေးထပ်တက်နိုင်ပါတယ်။ ဒါကြောင့် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းက ဈေးကွက်တစ်ခု ခိုင်မာ အောင်လုပ်နိုင်တယ်။ ပြည်ပတင်ပို့မယ်ဆိုရင်လည်း နိုင်ငံခြားဝင်ငွေများစွာ ရရှိတဲ့လုပ်ငန်းဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်စိန်က ပြောသည်။
ငါးရှဉ့်မွေးမြူရာတွင် ကွန်ကရစ်ကန်ဖြင့် မွေးမြူခြင်း၊ မြေကြီးကန်ဖြင့်မွေးမြူခြင်းနှင့် ခြင်ထောင်ဖြင့် မွေးမြူခြင်း ဟူ၍ သုံးမျိုးရှိရာ ခြင်ထောင်ဖြင့်မွေးမြူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ငါးရှဉ့်မွေးမြူရာတွင် ခဲတံချောင်းအရွယ်ငါးရှဉ့်များကို စတင်မွေးမြူပြီး သုံးလခွဲအကြာတွင် ဈေးကွက်အတွင်း ရောင်းတမ်းဝင်လာ သည်။
“ငါးရှဉ့်ကို ခြင်ထောင်နဲ့မွေးရင် ခြင်ထောင်က ၆ ပေ ပတ်လည်ပဲရှိတယ်။ အစာအသန့်ကိုပဲကျွေးရတယ်။ မကုန်တဲ့ အစာကိုလည်း ဖယ်ပေးရတယ်။ အဲဒီလိုတော့ ဂရုစိုက်ရတယ်”ဟု ဒေါက်တာ မြင့်စိန်ကပြောသည်။
ပြည်ပသို့ငါးရှဉ့်တင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅ သန်းမှ ၃၅ သန်း အထိရရှိသည့်အတွက် ငါးမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ငါးရှဉ့်ကို စီးပွား ဖြစ်မွေးမြူသင့်ကြောင်း သိရသည်။
ဆုလာဘ်