နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်နိုင်သည့် လူတော်လူကောင်းများဖြစ်စေရန်  တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲကျင်းပ

 

နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်နိုင်သည့် လူတော်လူကောင်းများဖြစ်စေရန်  တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် နိုဝင်ဘာ ၁၀

    တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း  အမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ   ဦးအောင်သော်၊ တာဝန်ခံ အဖွဲ့ဝင် ဦးစိုးတင့်နှင့် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များ သည် ဝန်ထမ်းအဖွဲ့အစည်း တစ်ခုလုံးရှိ နိုင်ငံ့ဝန်ထမ်းများအား မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်ကန်စွာ လုပ်ဆောင်တတ်စေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို  အလုပ်အကျွေးပြုရန် အတွက် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် တက္ကသိုလ်ဖြစ်ကြောင်း၊    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို   တည်ဆောက်ရာတွင် ပညာရေးသည်  အခြေခံအုတ်မြစ်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများစွာ ပေါ်ထွန်းရန် လိုအပ်ကြောင်း၊ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန်တတ်သည့် စဉ်းစားဉာဏ်ရင့်သန် မည်ဖြစ်သဖြင့် မျိုးဆက်သစ် လူငယ်များ၏ အတွေးအခေါ် မြင့်မားရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်   လက္ခဏာများ ထိန်းသိမ်းတတ်စေရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်ရင်ပေါင်တန်း လိုက်ပါနိုင်ရေးအတွက်    ဆရာ၊ ဆရာမများက ဦးဆောင်လမ်းပြ ပေးစေလိုကြောင်း။

ဆရာ၊ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များကို ဘာသာရပ် ဆိုင်ရာများ   ပို့ချရုံသာမက လက်တွေ့နယ်ပယ်တွင် စဉ်းစားတွေးခေါ် ချင့်ချိန်တတ်သူများဖြစ်ရန်၊   နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သည့်   လူတော်လူကောင်းများ ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ကိန်းအောင်းလာစေရန် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ သင်ကြားရေး တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း ဆရာ၊ဆရာမများ အနေဖြင့် “ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသောဆောင်ပုဒ်နှင့် အညီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ ပြုမူကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း  အမှတ်စဉ်(၂၆)သို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၅၈ ဦး တက်ရောက်ကြပြီး ရက်သတ္တ ငါးပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း   သတင်းရရှိသည်။