လာမယ့်နှစ်မှာ တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်လာနိုင်တဲ့ရေနံစိမ်း

လာမယ့်နှစ်မှာ တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်လာနိုင်တဲ့ရေနံစိမ်း

 

    ကမ္ဘာတစ်ဝန်းမှာ စွမ်းအင်ဈေးနှုန်းတွေကတော့ တက်ပြီးရင်း တက်နေတော့တာပါပဲ။ အဓိကက ကမ္ဘာ့နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုနဲ့ စစ်မက်တွေဖြစ်ပွားမှုကြောင့်ပါ။

အခုလည်း လာမယ့်နှစ်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ဒေါ်လာ ၁၂၀ အထိရောက်နိုင်တယ်တဲ့။ ဘယ်သူကလည်းဆိုတော့  Fitch Ratings  ဆိုတဲ့ မတည်ငွေရင်းဆိုင်ရာ ဈေးကွက်ရဲ့ကုမ္ပဏီတစ်ခုက သတိပေးလာတာပါ။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ မှာဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံရောင်းလိုအားအပေါ် ပျက်စီးစေတဲ့ သက်ရောက်မှုရှိစေပြီး အကျိုးဆက်အနေနဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေကြောင့် လာမယ့်နှစ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတစ်ရပ်အနေနဲ့ ရေနံဈေးနှုန်းတွေက ထင်ထားတာထက် ပိုများတဲ့ပမာဏအထိ မြင့်တက်သွားနိုင်တယ်လို့  Fitch Ratings ရဲ့ထုတ်ပြန်ချက်မှာ ဦးစားပေး ဖော်ပြထားပါတယ်။

အလားတူပဲ   လာမယ့်နှစ်အတွင်းမှာ ကမ္ဘာ့ဂျီဒီပီ တိုးတက်မှုကလည်း   သုည ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ သူတို့က မျှော်မှန်းထားပါသေးတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အခုလိုမျိုး ပဋိပက္ခတွေမဖြစ်သေးခင်တုန်းက ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တို့မှာ ကမ္ဘာ့ရေနံဈေးနှုန်းက တစ်စည်ကို ၇၅ ဒေါ်လာကနေ ဒေါ်လာ ၇၀ အထိရောက်ရှိနိုင်တယ်လို့ Fitch Ratings ကခန့်မှန်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်တဲ့ အချိန်မှာတော့ အခြေအနေအားလုံးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရပါပြီ။“လက်ရှိအခြေအနေအရ ကျွန်တော်တို့ရဲ့ခန့်မှန်းချက်က ၂၀၂၄ ခုနှစ်မှာ ရေနံဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၂၀ နဲ့ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၁၀၀ အထိရောက်ရှိနိုင်တယ်လို့ ဖြစ်ပါတယ်”ဆိုပြီး Fitch Ratings  ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောထားတာ တွေ့ရပါတယ်။

ရေနံဈေးနှုန်းမြင့်တက်မှု အကျိုးဆက်အနေနဲ့ ကမ္ဘာ့ဂျီဒီပီ တိုးတက်မှုဟာလည်း ကျဆင်းလာမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ ဒီအခြေအနေဆိုးကနေ ကျော်လွှားနိုင်မှာပါ။၂၀၂၄ ခုနှစ်အတွင်း အမေရိကန်၊ ဥရောပဒေသနဲ့ ဂျပန်နိုင်ငံတို့ရဲ့ စီးပွားရေး တိုးတက်မှု ကျဆင်းမှုဟာ သုည ဒသမ ၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် ရေနံဈေးနှုန်းကြီးမြင့်မှုရဲ့   ရိုက်ခတ်မှုဒဏ်ကို အများဆုံး ရင်ဆိုင်ရမယ့်နိုင်ငံတွေထဲမှာ တောင်အာဖရိကနဲ့ တူကီယဲနိုင်ငံတို့ ပါဝင်နေပါတယ်။

ဒါပေမဲ့ ဒီလိုရိုက်ခတ်မှုကနေ လွတ်ကင်းနေမယ့် နိုင်ငံတချို့လည်း ရှိပါသေးတယ်။ အဲဒီနိုင်ငံတွေထဲမှာ ရေနံကိုအဓိက ထုတ်လုပ်တင်ပို့ရောင်းချသူများဖြစ်တဲ့ ရုရှားနဲ့ဘရာဇီး နိုင်ငံတို့ပါဝင်ပါတယ်။

ရေနံဈေးနှုန်း   မြင့်တက်မှုနဲ့အတူ တစ်ပါတည်း လိုက်ပါလာနိုင်တဲ့ အရာတစ်ခုက ငွေကြေးဖောင်းပွမှုဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ မျှော်မှန်းထားတာထက် ပိုပြီးမြင့်မားနိုင်ဖွယ် ရှိတာကိုတွေ့ရပါတယ်။

၂၀၂၅ ခုနှစ်အရောက်မှာတော့ ငွေကြေးဖောင်းပွမှုက မျှော်မှန်းထားတာထက် ပိုနည်းတဲ့ပမာဏအထိ ကျဆင်းသွားကာ သက်ဆိုးရှည်မှာ မဟုတ်ပါဘူး။အရှေ့အလယ်ပိုင်းဒေသအရေးကြောင့် ရေနံဈေးနှုန်းမြင့်တက်မှုနဲ့အတူ တင်းကျပ်တဲ့ဘဏ္ဍာရေး အခြေအနေများ၊ လုပ်ငန်းကိုင်ငန်း ကျဆင်းမှုများ၊ စားသုံးသူများရဲ့ယုံကြည်မှုကျဆင်းမှုများ၊ ငွေကြေးဈေးကွက်အတွင်း ငွေကြေးမတည်ငြိမ်မှုများလည်း ရှိလာနိုင်ပါတယ်ဆိုပြီး Fitch Ratings ရဲ့ထုတ်ပြန်ချက်ထဲမှာ အဆုံးသတ်ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၇ ရက်မှာ တစ်ကျော့ပြန်စတင်လာတဲ့ ဟားမတ်အဖွဲ့ရဲ့ အစ္စရေးအပေါ် ရုတ်ခြည်း တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ နာကျင်ပြင်းပြတဲ့ ဝေဒနာကို   ကိုယ်တိုင်ပြန်လည် ခံစားခဲ့ရတာပါ။

ကနဦးတိုက်ခိုက်မှုဟာ လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုမှာတော့ လူပေါင်း ၁၀၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ အထိဖြစ်ပါတယ်။အခြေအနေတွေက ဒီမှာတင်မရပ်သွားသေးဘဲ  အစ္စရေး-ပါလက်စတိုင်းစစ်မီးက ဒေသတွင်းနိုင်ငံများဆီ အထိ ကူးစက်လောင်ကျွမ်း သွားနိုင်တာကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် အလွန်ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ရပ်လည်းဖြစ်လာစေတာဖြစ်ပါတယ်။