ဂျိုးဘိုင်ဒင်လက်ထက်မှာ အရင်ကထက်ပိုပြီး ဆင်းရဲလာကြတယ်လို့ ခံစားနေရတဲ့ အမေရိကန်ပြည်သူများ

ဂျိုးဘိုင်ဒင်လက်ထက်မှာ အရင်ကထက်ပိုပြီး ဆင်းရဲလာကြတယ်လို့ ခံစားနေရတဲ့ အမေရိကန်ပြည်သူများ

 

    အမေရိကန်ဆိုတာ   ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သလို အမေရိကန်နိုင်ငံသားတွေ ဆိုတာကလည်း တစ်ဦးချင်း ပျမ်းမျှဝင်ငွေနဲ့ကြည့်ရင် ချမ်းသာကြွယ်ဝကြတဲ့အထဲ ပါပါတယ်။

အခုတော့    ဒီလိုမဟုတ်တော့ပါဘူး။ အမေရိကန်နိုင်ငံသား အများစုက သူတို့ကိုယ်သူတို့ အရင်ကထက်စာရင် ပိုပြီးဆင်းရဲလာကြတယ်လို့   ခံစားနေရတယ်ဆိုပြီး သုတေသနစစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဘာကြောင့်ပါလဲ။

အကြောင်းရင်းက လက်ရှိအမေရိကန် သမ္မတဂျိုးဘိုင်ဒင် ဆိုးဝါးလှတဲ့ စီးပွားရေး မူဝါဒများကြောင့်ဖြစ်တယ်လို့ လေ့လာမှုစစ်တမ်းမှာ ပါဝင်ဖြေဆိုသူ အများစုကပြောပါတယ်။

ဒီသုတေသနစစ်တမ်းကို       Global Strategy Group နဲ့ North Star Opinion Research  တို့က  ပူးတွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး Financial Times သတင်းဌာနက နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

သုတေသနစစ်တမ်းမှာ ပါဝင်ဖြေဆိုသူများအနက် လူအများစုဖြစ်တဲ့ ၆၁ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်ရဲ့  နိုင်ငံ့စီးပွားရေးအပေါ် ကိုင်တွယ်ပုံကို သဘောမကျကြပါဘူး။ သဘောကျတဲ့သူကတော့ ၃၆ ရာခိုင်နှုန်းသာရှိပါတယ်။

ရာခိုင်နှုန်းတွေနဲ့   ဖော်ပြရမယ်ဆိုရင် စစ်တမ်းမှာ  ပါဝင်ဖြေဆိုသူများ အနက် ၇၀ ရာခိုင်နှုန်းနီးပါးက ဘိုင်ဒင်ရဲ့စီးပွားရေး မူဝါဒများဟာ အမေရိကန်ရဲ့ စီးပွားရေးကို ထိခိုက်စေတယ်   ဒါမှမဟုတ်   ဘယ်လိုသက်ရောက်မှုမှ မရှိစေဘူးလို့ ဖြေဆိုထားကြပါတယ်။

၃၃ ရာခိုင်နှုန်းခန့်ကတော့ ဘိုင်ဒင်ရဲ့စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များက နိုင်ငံရဲ့စီးပွားရေးကို  ကြီးစွာသော ထိခိုက်မှုနဲ့ ဆုံးရှုံးမှုရှိတယ်လို့ ဆိုကြပါတယ်။

ရှားရှားပါးပါးအနေနဲ့    ဘိုင်ဒင်ရဲ့ စီးပွားရေးမူဝါဒများက အကျိုးရှိစေတယ်လို့ ရှုမြင်ထားသူပမာဏဟာ ၂၆ ရာခိုင်နှုန်းနဲ့ ဘိုင်ဒင်လက်ထက်စပြီး သူတို့ရဲ့ငွေကြေးဥစ္စာတွေ ပိုမိုတိုးပွားလာတယ်လို့   ယုံကြည်သူ ၁၄ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံသား   တော်တော်များများလို့ ဆိုနိုင်တဲ့ ၈၂ ရာခိုင်နှုန်းခန့်က ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ လက်ရှိ ပြဿနာတွေကို အစိုးရအဖွဲ့အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိမှုတွေနဲ့ပတ်သက်ပြီး တော်တော်လေးကို စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

လာမယ့်ခြောက်လအတွင်းမှာ အမေရိကန်ရဲ့စီးပွားရေးကို အခြိမ်းခြောက်နိုင်ဆုံးက ငွေကြေးဖောင်းပွမှုဖြစ်တယ်လို့ စစ်တမ်းမှာပါဝင်သူ ၇၅ ရာခိုင်နှုန်းက သတ်မှတ်ထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဟာ  ပြီးခဲ့တဲ့နှစ်မှာ ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျဆင်းသွားတယ် ဆိုပေမယ့်လည်း စက်တင်ဘာလ အထိကိုကြည့်ရင် မျှော်မှန်းပမာဏထက် ၂  ရာခိုင်နှုန်းပိုများကာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှာ ဆက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

“ ဒီမိုကရက်ဖြစ်စေ၊ ရီပတ်ဘလစ်ကန်ဖြစ်စေ၊ တခြားသူဖြစ်စေ အားလုံးပါဝင်တဲ့ ဒီစစ်တမ်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကို အကြီးမားဆုံးစီးပွားရေး ခြိမ်းခြောက်မှုအဖြစ်သာမက ဘဏ္ဍာရေးကဏ္ဍအတွက်လည်း ကြီးမားတဲ့ဖိအားရဲ့  အရင်းအမြစ်အဖြစ် ရှုမြင်ထားကြပါတယ်။ ဒါဟာ ဂျိုးဘိုင်ဒင်အတွက်တော့ သတင်းဆိုးပါပဲ။ သူ့အနေနဲ့ ရွေးကောက်ပွဲနေ့ မတိုင်ခင်မှာ ကုန်ဈေးနှုန်းအပေါ်   ပြည်သူတွေမြင်နေတဲ့ အမြင်ကို ပြောင်းပြန်လှန်ဖို့အတွက် လုပ်နိုင်တဲ့အခြေအနေက အနည်းအကျဉ်းသာ ရှိပါတယ်”လို့ မီချီဂန်ပြည်နယ် ရော့တက္ကသိုလ်မှ ပါမောက္ခ အဲရစ်ဂေါ်ဒန်ကပြောပါတယ်။

စစ်တမ်းမှာပါဝင်သူများအနက်  ၅၂ ရာခိုင်နှုန်းက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သူတို့အနေနဲ့ အစားအသောက်အတွက် ကုန်ကျစရိတ် ဒါမှမဟုတ် တခြားနေ့စဉ် လိုအပ်ချက်များအတွက် ကုန်ကျစရိတ်ကို လျှော့ချဖြတ်တောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တမ်းမှာပါဝင်သူ ၆၅ ရာခိုင်နှုန်းက အားလပ်ရက်ခရီး သွားတာမျိုးတွေ၊    အားတိုင်းအပြင်ထွက် စားသောက်နေတာ မျိုးတွေလိုမျိုး မရှိမဖြစ်လိုအပ်ချက်မဟုတ်တဲ့ အရာတွေအတွက် ကုန်ကျစရိတ်တွေကို လျှော့ချဖြတ်တောက် လိုက်ရတယ်လို့ပြောထားပါတယ်။

ဒီစစ်တမ်းကိုတော့ နိုဝင်ဘာလ ၂ ရက် ကနေ ၇ ရက်အတွင်း အွန်လိုင်းမှ တစ်ဆင့်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝန်း မှပါဝင်ဖြေဆိုသူ ၁၀၀၄ ဦးရှိကြောင်း သိရပါတယ်။