အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ပူးတွဲဟန့်တားမှု မဟာဗျူဟာကို ပြင်ဆင်သုံးသပ်

အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ပူးတွဲဟန့်တားမှု မဟာဗျူဟာကို ပြင်ဆင်သုံးသပ်

 

    အမေရိကန်နှင့်တောင်ကိုရီးယားတို့က မြောက်ကိုရီးယားနိုင်ငံကို ပူးတွဲဟန့်တားရေး အတွက်ရေးဆွဲထားသည့် မဟာဗျူဟာကို ပြင်ဆင်သုံးသပ်လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ မဟာဗျူဟာကို  ပြင်ဆင်သုံးသပ်မှုသည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်တို့က အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံမှ  ကာကွယ်ရေးတာဝန်ရှိသူများသည် ၅၅ ကြိမ်မြောက်  လုံခြုံရေးအတိုင်ပင်ခံ ဆွေးနွေးပွဲကို တောင်ကိုရီးယား နိုင်ငံဆိုးမြို့၌ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ထို့နောက် ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်  ချမ်းသာကြွယ်ဝမှုရှိစေရေးတို့ အတွက် အမေရိကန်-တောင်ကိုရီးယား မဟာမိတ် ပူးပေါင်းမှု၏ အရေးကြီးမှုကို ထပ်လောင်းအတည်ပြုသည်။

ထို့ပြင် နှစ်နိုင်ငံတာဝန်ရှိသူများသည် ကိုရီးယားကျွန်းဆွယ်၌ ဟန့်တားရေးဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုခိုင်မာအားကောင်းစေရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်နိုင်ရေးတို့အတွက်   သက်ဆိုင်ရာအစိုးရများ၏ ကတိကဝတ်ပြုမှုကိုလည်း   ဖော်ပြကာ လက်ရှိလုံခြုံရေး အခြေအနေများကို ဆွေးနွေးကြသည်။

ယင်းနောက်တွင် ၎င်းတို့ကပူးတွဲကြေညာချက် ထုတ်ပြန်ရာ၌ မြောက်ကိုရီးယား၏ အမြင့်ပျံဒုံးကျည်များ အပါအဝင် ဒုံးကျည်အမျိုးမျိုးကို အကြိမ်ကြိမ် ပစ်လွှတ်မှုများနှင့် ရုရှားနှင့်မြောက်ကိုရီးယားတို့ကြား လက်နက်ကုန်သွယ်မှုများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်သည့်အနေဖြင့် ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ရုရှားနှင့်မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးပူးပေါင်း ဆောင်ရွက်မှုများသည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချိုးဖောက်ခြင်းမရှိကြောင်းနှင့် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာ ကတိကဝတ်များကို အလေးထား ဖြည့်ဆည်းပေးနေကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။