ယူကရိန်းက တိုက်ခိုက်မှုများရပ်လျှင် နောက်ထပ် ကိုရီးယားနိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာနိုင်ဟုဆို

ယူကရိန်းက တိုက်ခိုက်မှုများရပ်လျှင် နောက်ထပ် ကိုရီးယားနိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာနိုင်ဟုဆို

 

    ယူကရိန်းနိုင်ငံသည်  ယခုအချိန်တွင် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး NATO တပ်ဖွဲ့ထံမှ အကန့်အသတ်ရှိသော အကာအကွယ်ကိုရယူကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကိုဆောင်ရွက်လိုက်ပါက နောက်ထပ်ကိုရီးယားနိုင်ငံကဲ့သို့  ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း အငြိမ်းစား အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောသည်။

အငြိမ်းစား     ရေတပ်ဗိုလ်ချုပ်ကြီး  ဂျိမ်းစတေ့ရီဒစ်က    ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရွေးချယ်ရမယ့် လမ်းကြောင်း သုံးခုကို ၎င်းရေးထားသည့်  ဆောင်းပါးတစ်ပုဒ်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုလမ်းကြောင်းသုံးခုအနက် တစ်ခုမှာ ယူကရိန်းအနေဖြင့် ရုရှားနှင့် လက်ရှိဖြစ်နေသော စစ်ပွဲကို ရပ်တန့်ရန်ဖြစ်ပြီး ထိုသို့ရပ်တန့်ပါက  ရေရှည်တွင် အောင်ပွဲခံနိုင်လိမ့်မည်ဟု ရေးထားသည်။

“ဒီအချိန်မှာ  စစ်ကိုရပ်လိုက်ရင် နောင်ဆယ်စုနှစ် အနည်းငယ်ကြာတဲ့အချိန်မှာ ဂျီဒီပီအရဖြစ်စေ၊ ကောက်ပဲသီးနှံထွက်ရှိမှုမှာဖြစ်စေ၊ ပြည်သူများနေချင်တဲ့ ဒီမိုကရေစီဘဝ နေထိုင်ရမှုမှာဖြစ်စေ ရုရှားကိုကျော်တက်သွားနိုင်မှာပါ” ဟု တစ်ချိန်က NATO တပ်ဖွဲ့၏ထိပ်တန်း တပ်မှူးတစ်ဦးဖြစ်သည့် ဂျိမ်းစတေ့ရီဒစ်က ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

နောက်ထပ်ရွေးချယ်စရာ လမ်းကြောင်းတစ်ခုက ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးရန်ဖြစ်သည်။ သို့သော် ရုရှားထိန်းချုပ်ထားသော   နယ်မြေများအတွက် ကာကွယ်မှုပေးရန် မလိုဟူသော အချက်ကို ထည့်သွင်းရမည်ဖြစ်သည်။

သို့မဟုတ်ပါက အချုပ်အခြာအာဏာကို အပြည့်အဝပြန်လည်ရရှိရန် NATO တပ်ဖွဲ့၏ လုပ်ဆောင်ချက်မှန်သမျှသည် ထိုအဖွဲ့ကြီး၏ စုပေါင်းဆုံးဖြတ်ချက်ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းက ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အတူ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆောလျင်စွာ လုပ်ဆောင်ခြင်းသည်လည်း ယူကရိန်းနိုင်ငံကို အံ့သြဘနန်းဖြစ်စေမည့် ပြောင်းလဲမှုကို ဦးတည်သွားစေနိုင်မည်ဖြစ်ကြောင်း အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီးက အကြံပြုရေးသားထားသည်ဟု သိရသည်။