Su-57တွင် အဆင့် ၂ အင်ဂျင် တပ်ဆင်လိုက်ခြင်းကြောင့် တိုက်ခိုက်ရေး စွမ်းရည်များ ပိုကောင်းလာပြီ

Su-57တွင် အဆင့် ၂ အင်ဂျင် တပ်ဆင်လိုက်ခြင်းကြောင့် တိုက်ခိုက်ရေး စွမ်းရည်များ ပိုကောင်းလာပြီ

 

    ရုရှားနိုင်ငံထုတ်  ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် Su-57  တိုက်လေယာဉ်ကို အဆင့်မြှင့်တင်မှု လုပ်ဆောင်ပြီး အဆင့် ၂ အင်ဂျင်တပ်ဆင်ပေးလိုက်ပြီ ဖြစ်သောကြောင့် လေယာဉ်၏ တိုက်ခိုက်ရေးစွမ်းရည်များ ပိုကောင်းလာပြီဖြစ်ကြောင်း   Rostec State  ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်လေယာဉ်သည် အင်ဂျင်အသစ်ကို တပ်ဆင်ကာ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့်   အဆိုပါ အင်ဂျင်အသစ်နှင့်  တိုက်လေယာဉ်များကို လက်ရှိထုတ်လုပ်မှု သဘောတူညီချက်အရ လွှဲပြောင်းပေးသွားရန် စီစဉ်ထားကြောင်း နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကပြောသည်။

“Su-57 ရဲ့ပလက်ဖောင်းက    တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့တိုက်ခိုက်ရေး စွမ်းရည်များကလည်း မြင့်မားလာကာ   နောက်ဆုံးပေါ် နည်းပညာနဲ့အတူ  ပေါင်းစပ်လာနိုင်နေပြီပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် Su-57 ရဲ့ တိုက်စွမ်းရည်တွေက ပိုပြီးတိုးတက် လာတာပေါ့” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်၏အင်ဂျင်အပိုင်းနှင့် ပတ်သက်၍ပြောရမည်ဆိုပါက  Su-57 သည် ပထမအဆင့် အင်ဂျင်နှင့် ဒုတိယအဆင့်    အင်ဂျင်တို့ကို အသုံးပြုနိုင်သည့် လေယာဉ်ဖြစ်ကြောင်း၊  စွမ်းဆောင်ရည်ပိုင်းတွင်မူ ပထမအဆင့်အင်ဂျင်ဖြင့် မောင်းနှင်လျှင်တောင်မှ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တစ်စင်းအတွက် လိုအပ်ချက်များကို ပြည့်မီစေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့်  Su-57 သည် ကိုယ်ပျောက်နည်းပညာနှင့် အဆင့်မြင့်အီလက်ထရွန်နစ် နည်းပညာများ အသုံးပြုထားသည့် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်သည်။

ထိုတိုက်လေယာဉ်သည် လက်နက်များကို လေယာဉ်ဝမ်းဗိုက်အတွင်း ထည့်၍   သယ်ဆောင်သွားနိုင်ပြီး အလွန်လေးလံသော ဝန်များကို သယ်ဆောင်ထားစဉ်မှာပင် အသံထက်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိသည်။

အဆိုပါတိုက်လေယာဉ်များကို   ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ရုရှားလေကြောင်း တပ်ဖွဲ့များအနေဖြင့် ၂၀၂၇ ခုနှစ်အထိ အဆင့်မြင့်တိုက်လေယာဉ် ၇၆ စင်းကို   လက်ခံရရှိသွားမည် ဖြစ်သည်။

ယခုလက်ရှိတွင် ရုရှားတပ်မတော်၌ တာဝန်ထမ်းဆောင်နေပြီဖြစ်သည့်      Su-57 တိုက်လေယာဉ် ခြောက်စင်းရှိကာ ၂၀၂၄ ခုနှစ် အကုန်၌ နောက်ထပ် တိုက်လေယာဉ် ၂၄ စင်းကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။