G7 အဖွဲ့က ချက်ချင်း ဖျက်သိမ်းသင့်သည့် စစ်အေးကာလ အမွေအနှစ်ဖြစ်ဟု မြောက်ကိုရီးယားပြော

G7 အဖွဲ့က ချက်ချင်း ဖျက်သိမ်းသင့်သည့် စစ်အေးကာလ အမွေအနှစ်ဖြစ်ဟု မြောက်ကိုရီးယားပြော

 

    အနောက်အုပ်စုမှ ချမ်းသာသောနိုင်ငံများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် G7 အဖွဲ့သည် စစ်အေးကာလ၏ အမွေအနှစ် ဖြစ်ပြီး ချက်ချင်းဖျက်သိမ်းသင့်သည့် အဖွဲ့ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက  နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

G7 အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့်ဒုံးကျည် အစီအစဉ်များကို ရှုတ်ချကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား လုံးဝကင်းစင်ရေးကို   လုပ်ဆောင်ရန် တိုက်တွန်းကြောင်း  ထုတ်ပြန်ထားသည်။

    သို့သော် မြောက်ကိုရီးယားက ထိုကဲ့သို့ တိုက်တွန်းတောင်းဆိုမှုများကို လျစ်လျူရှုပယ်ချကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသူမှာ အမေရိကန်နှင့်၎င်း၏ မဟာမိတ်များသာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “မိမိတို့အနေနဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးကနေ ပူးတွဲထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချပြီး ထုတ်ပြန်ချက်ပါ တောင်းဆိုချက်တွေကိုလည်း ငြင်းဆိုပါတယ်။ ဒီထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိ စွပ်စွဲချက်များသာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ထိပါးရာ ရောက်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုချောင်ဆုကပြောသည်။

    ထို့ပြင်  G7 အဖွဲ့သည် လက်တစ်ဆုပ်စာမျှသာ ရှိသောနိုင်ငံများ၏ အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြောင်း၊   ထိုအဖွဲ့ကို ချက်ချင်း ဖျက်သိမ်းပြီး နိုင်ငံတကာ ပဋိပက္ခများဖြစ်ပေါ်စေရန် လုပ်ဆောင်နေမှုများနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို ပြန်လည်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း   ဂျိုချောင်ဆုက ဆက်ပြောသည်။

    အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် ကနေဒါတို့အပြင် ဥရောပသမဂ္ဂတို့ ပါဝင်သည့် G7 အဖွဲ့သည် ယူကရိန်းမှသည် အရှေ့အလယ်ပိုင်း၊ ထိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ်နှင့် ကိုရီးယားကျွန်းစုအထိ ပါဝင်သည့် ကမ္ဘာ့ပဋိပက္ခများကို ဖန်တီးနေကြောင်း ဂျိုချောင်ဆုက စွပ်စွဲထားသည်ဟု သိရသည်။