မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

 

နေပြည်တော် နိုဝင်ဘာ ၁၅

မုန်တိုင်းငယ်အခြေအနေ

    ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး  မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့  (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)  ၏ အနောက်- အနောက်တောင်ဘက်  ရေမိုင်  ၄၈၀  မိုင်ခန့်၊ အိန္ဒိယနိုင်ငံ  ဗီဆာကာ  ပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင် ဘက်   ရေမိုင် ၂၄၀ မိုင်ခန့်၊ ပါရဒစ်မြို့ (Paradip)၏ တောင်ဘက် ရေမိုင် ၃၂၅ မိုင်ခန့်နှင့် ဒီဂါမြို့ (Digha)၏တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သည်။

 

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါမုန်တိုင်းငယ် (Depression)သည် မြန်မာစံတော်ချိန် ည ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီတွဒ် ၁၄.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၆.၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်  ၃၀ နှုန်းခန့်ဖြစ်သည်။

နောက် ၇၂ နာရီအတွင်း ခန့်မှန်းချက်

    အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ကမ်းလွန်တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ပိုမို အားကောင်းလာနိုင်သည်။ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက် သို့ ပြန်ကွေ့ကာ ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင် သြရိဿပြည်နယ် ကမ်းလွန်သို့ ရောက်ရှိနိုင်ပြီး ၁၈-၁၁-၂၀၂၃ ရက်နေ့တွင် သြရိဿပြည်နယ်မြောက်ပိုင်း ကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက်

    မုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် ၁၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၈-၁၁-၂၀၂၃ ရက်နေ့အတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စပိမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး အအချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်း ရပါသည်။ သို့ဖြစ်ပါ၍ ၁၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၈-၁၁-၂၀၂၃ ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းများ ကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်အမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်။

အကြံပြုချက်

    သို့ဖြစ်ပါ၍ မုန်တိုင်းငယ် (Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရာက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိ ပြုနေခိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရခိုင်ကမ်းရိုး  တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)