ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်   နိုဝင်ဘာ   ၁၅

   ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ယခုပညာသင်နှစ်တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ်တွင်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည့်အတွက် မြို့နယ်ပညာရေးမှူးများ အနေဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ယခုသင်တန်းမှ ရရှိသည့်ပညာများကို လက်တွေ့အသုံးချပြီး မိမိမြို့နယ်အတွင်းရှိ   ပညာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူသည်။

အဆိုပါပညာရေး စီမံအုပ်ချုပ်မှုသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ် ပညာရေးမှူး ၃၀၃ ဦး တက်ရောက်ခဲ့ကြပြီး သြဂုတ်လ ၁၆ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အထိ သုံးလကြာ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်ကြားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စီမံအုပ်ချုပ်မှု ကျွမ်းကျင်ပြီး ထိရောက်စွာ ဆောင်ရွက်တတ်ရန်၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစွမ်းရည်များ ပိုမိုမြင့်မားတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြင့်မား၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများ  မွေးထုတ်ပေးရန်၊ ပညာရေးမူဝါဒများကို သိရှိလိုက်နာ ဆောင်ရွက်တတ်စေရန်၊ အဆင့်အလိုက် စီမံအုပ်ချုပ်မှု လုပ်ငန်းများကို သိရှိသွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အမှားအယွင်းကင်းစွာ ဆောင်ရွက်တတ်စေရန်၊   ဝန်ထမ်းများ၏  ပင်ကိုအရည်အချင်းများ ထုတ်ဖော်ခွင့်ရရှိစေရန်နှင့် ပညာရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပသည့် ကျောင်းအုပ်ကြီးများ ပညာရေးစီမံ အုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များနှင့်တွေ့ဆုံပြီး တက္ကသိုလ်၏ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ပညာရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော သင်ရိုးညွှန်းတမ်းများ  ရေးဆွဲခြင်းသည် တက္ကသိုလ်၏   အသက်သွေးကြောဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းကို မှန်ကန်အောင် ဆောင်ရွက်နိုင်မှသာ မိမိတို့ မွေးထုတ်လိုက်သည့် ကျောင်းသား၊ ကျောင်းသူများ၏  အရည်အသွေးသည်  ထူးချွန် ထက်မြက်လာမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာကြသည့် ပါမောက္ခ(ဌာနမှူး)များ၏ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အကြံပြုဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် Center For Research and Innovation သို့ရောက်ရှိပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း   သတင်းရရှိသည်။