မြန်မာနေရှင်နယ်လိဂ် အသင်းရှစ်သင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် လေ့ကျင့်ရေးကွင်း ငါးကွင်း၌ အလှည့်ကျအခမဲ့ အသုံးပြုခွင့်ပေးမည်

လက်ရွေးစင်အသင်း အဆောင်များ၌ Quarantine ထားရှိသည့် မြန်မာနေရှင်နယ် လိဂ်ကလပ် အသင်းရှစ်သင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်((MFF)ပိုင် လေ့ကျင့်ရေးကွင်း ငါးကွင်း၌ အလှည့်ကျ အခမဲ့ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၁    ပြိုင်ပွဲဝင်၁ဝ သင်းအနက် အသင်းအဆောင်များ ရှိသည့်   ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE FC တို့မှလွဲ၍  ကျန်ရှစ်သင်းကို လက်ရွေးစင်အသင်း၏  အဆောင်များ၌ Quarantine ထားရှိသည်။ ယင်းရှစ်သင်းကို  Quarantine    ထားရှိစဉ်အတွင်း လေ့ကျင့်မှု အဆင်ပြေစေရန်  MFF  ပိုင် သုဝဏ္ဏ  လေ့ကျင့်ရေးကွင်း သုံးကွင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတု လေ့ကျင့်ရေးကွင်း နှစ်ကွင်းတို့ကို အလှည့်ကျ အသုံးပြုခွင့် ပေးထားခြင်းဖြစ်သည်။

''လက်ရွေးစင်အသင်း အဆောင်တွေမှာ Quarantine ထားတဲ့အသင်းကို လေ့ကျင့်မှု အခက်အခဲမဖြစ်စေဖို့ MFF ပိုင်တဲ့ လေ့ကျင့်ရေးကွင်း ငါးကွင်းကို အလှည့်ကျ အသုံးပြုစေမှာပါ။ ကလပ်အသင်းတွေရဲ့ လေ့ကျင့်မှု အစီအစဉ်ကိုချိန်ဆပြီး အချိန်နဲ့ကွင်း

ကို ညှိပေးမှာပါ။ အားလုံးကို အခမဲ့ အသုံးပြုခွင့်ပေးမှာပါ။  Quarantine ကာလအတွင်းမှာလည်း အသင်းတွေက အစားအသောက်အတွက်ပဲ   တာဝန်ယူရပြီး ကျန်တာအားလုံးကို လိဂ်ကော်မတီက လုပ်ဆောင်ပေးပါတယ်''ဟု ၎င်းကပြောသည်။

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ Quarantine ထားရှိခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရှိ၊ မရှိ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဖြစ်သည်။

COVID-19 ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲရပ်နားထားချိန်တွင် မြန်မာနေရှင်နယ်လိဂ်-၁   ပြိုင်ပွဲဝင်    ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ နုတ်ထွက်ခဲ့သည့်အတွက် လက်ကျန်ပွဲစဉ်များကို ကျန် ၁ဝ သင်းဖြင့်သာ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။