ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

 

ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှားများဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ လူမှုကွန်ရက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်းထုတ်ပြန်ချက်များသည် မဟုတ်မမှန်သောသတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများ ဖြစ်ကြပါသည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူအပ်နှံငွေစာရင်း အချက်အလက်များကို အဆင်ပြေချောမွေ့စွာ သိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များ၏ Customer  များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူဆောင်ရွက်လျက်ရှိကြပါသည်။

ဤကဲ့သို့  အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

(၁၆-၁၁-၂၀၂၃)