အာရှ-ပစိဖိတ်ဒေသက ပထဝီနိုင်ငံရေး အားပြိုင်သည့်နေရာ မဖြစ်သင့်ဟု ရှီကျင့်ဖျင်ပြော
အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေး အားပြိုင်သည့် နေရာမဖြစ်သင့်ကြောင်းနှင့် ထိုဒေသကို ခေတ်သစ်စစ်အေး တိုက်ပွဲအတွင်းသို့ ဆွဲခေါ်မသွားသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောသည်။
“အာရှ-ပစိဖိတ်ဒေသက ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုအတွက် ကစားကွင်း မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ခေတ်သစ်စစ်အေး တိုက်ပွဲဒါမှမဟုတ် စခန်းချထိပ်တိုက်ရင်ဆိုင်မှုဆီသို့လည်း ဆွဲခေါ်မသွားသင့်ပါဘူး”ဟု ရှီကျင့်ဖျင်က APEC ထိပ်သီးအစည်းအဝေး၌ ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
ထို့ပြင် APECအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာရှ-ပစိဖိတ်ဒေသ၏ ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ထိပ်တိုက်တွေ့ဆုံခြင်းနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ထက် ဆွေးနွေးညှိနှိုင်းပြီး မိတ်ဖက်ပူးပေါင်းမှုမှ တစ်ဆင့် ထိန်းသိမ်းနိုင်ရန် နိုင်ငံအချင်းချင်း ဆက်ဆံရေးအတွက် မှန်ကန်သော စံသတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း ရှီကျင့်ဖျင်ကပြောသည်။
အလားတူ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့်သာ ရရှိနိုင်ကြောင်းနှင့် ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင် လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေကို တည်ကြည်ခိုင်မာစွာထူထောင်ရန် တောင်းဆို
ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး တိုးတက်မှုတို့နောက်ကို လိုက်လျက်ရှိကြောင်း ရှီကျင့်ဖျင်က ပြောထားသည်ဟု သိရသည်။