စက်သုံးဆီများ စဉ်ဆက်မပြတ် ဖြန့်ဖြူးလျက်ရှိ
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်)
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်တွင် အရောင်းဆိုင်အချို့၌ ပုံမှန်ထက်စက်သုံး ဆီဝယ်ယူမှုပိုမိုမြင့်မားလာမှုကြောင့် လိုအပ်သော စက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်သီလဝါဆိပ်ကမ်း ဒေသရှိ Terminal များမှ ယင်းစက်သုံးဆီ အရောင်းဆိုင်များသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန်လေးသိန်းကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းခုနစ်သောင်းကျော်ကို လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် ဆီတင်ယာဉ် ၂၆၈ စီးဖြင့် 92 Ron ဂါလန်သုံးသိန်းကျော်၊ 95 Ron ဂါလန်ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီဂါလန် တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းသုံးသောင်းကျော်ကို လည်းကောင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယင်းအရောင်းဆိုင် အားလုံးတွင် စက်သုံးဆီလာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေ အတိုင်းဖြစ်သည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှု မရှိစေရန် ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းပေးလျက်ရှိသည်။
နိုဝင်ဘာလ ၁၄ ရက်တွင် ဆီတင်ယာဉ် ၁၀၂၃ စီးဖြင့် 92 Ron ဂါလန်ကိုးသိန်းကျော်၊ 95 Ron ဂါလန်တစ်သိန်းငါးသောင်းကျော်၊ ဒီဇယ်ဆီဂါလန် ခုနစ်သိန်းငါးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ခြောက်သိန်းကျော် ဖြည့်တင်းပေးနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေဖြစ်သည်။
နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရောင်းဆိုင် ၁၈၇ ဆိုင်သို့ ဆီသယ်ယာဉ် ၃၆၇ စီးဖြင့် 92 Ron ဂါလန် လေးသိန်းကျော်၊ 95 Ron ဂါလန် နှစ်သိန်းလေးသောင်းကျော်၊ ဒီဇယ်ဆီဂါလန် သုံးသိန်းနှစ်သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန်သုံးသိန်းငါးသောင်းကျော် ဖြည့်တင်းပေးနိုင်ခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၁၇၈ ဆိုင်သို့ ဆီသယ်ယာဉ် ၉၂၈ စီးဖြင့် 92 Ron ဂါလန်တစ်သန်းနှစ်သိန်းကျော်၊ 95 Ron ဂါလန်နှစ်သိန်းငါးသောင်းကျော်၊ ဒီဇယ်ဆီဂါလန် ခုနစ်သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၀ သိန်းကျော်ကို နေ့ညမရွေးအဆက်မပြတ် ဖြည့်တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးလျက် ရှိသည့်အတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှုအခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး အများပြည်သူများမှ စက်သုံးဆီ အမျိုးအစားအလိုက် လိုအပ်သလို အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲလျက်ရှိသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန် အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှု မရှိစေရန် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန် စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် ပြည်သူများ တန်းစီစောင့်ဆိုင်းဝယ်ယူမှု လျော့နည်းသွားပြီဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ အများပြည်သူအဆင်ပြေစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသော်လည်း စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ဆီရှိနေပါလျက် ရောင်းချပေးခြင်း မရှိသောစက်သုံးဆီ အရောင်းဆိုင်များ ရှိနေကြောင်း သိရှိရသည်။ ထိုသို့အရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် မော်တော်ယာဉ်အချို့အား ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင် (၃)ဆိုင်အား စစ်ဆေးတွေ့ရှိရသဖြင့် စိစစ်၍ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှု နည်းလမ်းအရ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာတွင် သယ်ယူပို့ဆောင်ရေးတွင် မဖြစ်မနေ အသုံးပြုနေရသည့် စက်သုံးဆီများ စဉ်ဆက်မပြတ်ဝယ်ယူ တင်သွင်းခွင့်ပြုလျက်ရှိသည်။ စက်သုံးဆီများရောက်ရှိမှု၊ ဖြန့်ဖြူးမှုသတင်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ စက်သုံးဆီများအား ပြည်ပငွေကြေးဖြင့် ဝယ်ယူနေရခြင်းဖြစ်၍ စက်သုံးဆီများအား ချွေတာသုံးစွဲရန် လိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်သည့် ရထား၊ ဘတ်စကား၊ သင်္ဘောရေယာဉ်များဖြင့် ဝန်ဆောင်မှုကိုမြှင့်တင်ပေးလျက်ရှိသည်။ အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းအားဖြင့် စက်သုံးဆီအသုံးပြုရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီ ပို့ဆောင်ဖြန့်ဖြူးလျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူများစက်သုံးဆီ သုံးစွဲမှုအဆင်ပြေရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။ ။