Golden Boy 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ဆွတ်ခူး
အီတလီနိုင်ငံအခြေစိုက် ထိပ်တန်း အားကစား သတင်းစာတစ်ခုဖြစ်သည့် Tuttosport က ပေးအပ်ချီးမြှင့်မည့် Golden Boy 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဆွတ်ခူးရရှိကြောင်း သိရသည်။
Golden Boy ဆုသည် ဥရောပရှိ အသက် ၂၁ နှစ်အောက် ကစားသမားများထဲမှ ရွေးချယ်ချီးမြှင့် သည့်ဆုဖြစ်ပြီး ၂၀၀၃ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကာ အေဂျက်ဇ်အသင်းမှ ဗန်ဒါဗက်က ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ အဆိုပါဆုကို ထိပ်တန်းကစားသမားများဖြစ်သည့် ရွန်းနီ၊ မက်ဆီ၊ အဂူရို၊ ဖာဖရီဂက်စ်၊ ပေါ့ဂ်ဘာ၊ စတာလင်း၊ အမ်ဘတ်ပီ၊ ဒီလိုက်၊ ဟာလန်း၊ ပက်ဒရီ၊ ဂါဗီ စသည့် ကစားသမားများလည်း ဆွတ်ခူးနိုင်ခဲ့ကြသည်။
ဘယ်လင်ဟမ်သည်ပြီးခဲ့သည့် ဘောလုံးရာသီက ဒေါ့မွန်အသင်းတွင် ကစားစဉ်ကလည်း ခြေစွမ်းပြသနိုင်သကဲ့သို့ ယခုဘောလုံး ရာသီတွင် ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ရာတွင်လည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက် မူစီလာနှင့် ဆာကာတို့ကို ကျော်ဖြတ်ကာ Golden Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Golden Boy ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်မည့် တခြားဆုများအဖြစ် တစ်နှစ်တာအကောင်းဆုံး လူငယ်အမျိုးသား ကစားသမားဆုကို ဘာစီလိုနာအသင်းမှ ယာမယ်၊ တစ်နှစ်တာ လူငယ်အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်းမှ လင်ဒါကိုင်စီဒို၊ တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆုကို ဟာလန်း၊ တစ်နှစ်တာအကောင်းဆုံး ဥရောပကလပ်အသင်း ဥက္ကဋ္ဌဆုကို ဘရိုက်တန်အသင်းဥက္ကဋ္ဌ တိုနီဘလွန်း၊ တစ်နှစ်တာ အကောင်းဆုံး အားကစားဒါရိုက်တာဆုကို အာဆင်နယ်အသင်းမှ အားကစားဒါရိုက်တာ အဒူးတို့က အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပြီး Golden Boy ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်တွင် အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။