ကလေးသူငယ်များ အခွင့်အရေး

ကလေးသူငယ်များ အခွင့်အရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်)

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကမ္ဘာ့ကလေးများနေ့ဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ပေးထားသော ဆောင်ပုဒ်မှာ “အခွင့်အရေးအားလုံး ရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး”   For every child, every rightဖြစ်ပေရာ ကလေးသူငယ်များ အားလုံး အခွင့်အရေးများ ရရှိခံစားနိုင်စေရေး ဖော်ဆောင်ပေးရန် လမ်းညွှန်ချက်တစ်ခုပင်ဖြစ်သည်။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ပေးရေး လုပ်ငန်းများကို  နိုင်ငံတော်အစိုးရနှင့်အတူ မိဘ၊ ရပ်ရွာလူထု၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်း၍ ဆောင်ရွက်ပေးကြရန်ဖြစ်သည်။

    ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) အား လည်းကောင်း၊ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် The United Nations Convention on the Rights of the Child-UNCRC အားလည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့်  အဆိုပါကြေညာစာတမ်းနှင့် စာချုပ်များ အတည်ပြုပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့(World Children's Day) သတ်မှတ်ခဲ့သည်။ ယခုနှစ်တွင် ၃၄ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

    မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး အပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည် ဆောင်ရွက်ရန်နှင့် ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှမှု ရှိစေပြီး ခွဲခြားဆက်ဆံခြင်း မပြုစေရန်တို့ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လူတိုင်းမှာတာဝန်ရှိသည်။  ကလေးသူငယ်များအပေါ် အမြတ်ထုတ် အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်သူများကို အရေးယူရန်၊ ကလေးသူငယ်များအပေါ် ထားရှိသည့် လွဲမှားသည့်အယူအဆ၊ ထုံးစံများကို ပပျောက်အောင် ပညာပေးရန်၊ ကလေးသူငယ်များ၏ အကျိုးဆောင်ရွက်ရာတွင်လည်း ကလေးသူငယ်များ၏ အတွေးအမြင်၊ အယူအဆများကို လေးစားပြီး ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်သည်။

    ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင် ကလေးဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသူများကို ဆိုလိုပြီး မည်သည့်ကလေးသူငယ်ကိုမျှ ခွဲခြားခြင်းမပြုရန်ဖြစ်သည်။ ကလေး  သူငယ်များ၏ အသက်ရှင်ရပ်တည်မှုဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ ကာကွယ်ရေးဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများဟူ၍ လေးမျိုးခွဲခြားသည်။ အသက်ရှင် ရပ်တည်မှုဆိုင်ရာ အခွင့်အရေးတွင်  အသက်ရှင်ရပ်တည်ခွင့်၊  အမည်မှည့်ခွင့်နှင့် မွေးစာရင်းမှတ်ပုံတင်ခွင့် စသည့်အခွင့်အရေးများ ပါဝင်သည်။

    ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ပညာသင်ကြားခွင့်၊ အပန်းဖြေအနားယူခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘအုပ်ထိန်းသူများကို နိုင်ငံတော်က လိုအပ်သော အကူအညီများပေးခြင်းနှင့် စော်ကားပစ်ပယ်ခံ ကလေးသူငယ်များအား ပြန်လည်ပြုစု ပျိုးထောင်ပေးခြင်းတို့ ပါဝင်သည်။ ကာကွယ်မှုဆိုင်ရာ အခွင့်အရေးတွင် ကလေးများအား ရုပ်ပိုင်းစိတ်ပိုင်းနှိပ်စက်မှုများမှ ကာကွယ်ပေးခြင်း၊ မသန်စွမ်းကလေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ တိုင်းရင်းသား ကလေးသူငယ်များ၏ ယဉ်ကျေးမှု ဘာသာစကားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးအမြတ်ထုတ်မှု၊ စေခိုင်းမှုများ၊ လိင်စော်ကားမှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်စေမှုများ စသည်တို့ဖြစ်သည်။ ပါဝင်ဆောင်ရွက်မှု အခွင့်အရေးဆိုသည်မှာ မိသားစုဘဝ၊ ယဉ်ကျေးမှုဘဝနှင့် လူမှုဘဝများတွင် ပါဝင်ခွင့်ရှိခြင်းတို့ဖြစ်သည်။

    ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် အနာဂတ် လူ့အဖွဲ့အစည်းအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ကလေးသူငယ် အခွင့်အရေးများအား လေးစားလိုက်နာသော လူ့အဖွဲ့အစည်းသည်  တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝ အကောင် အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ကို အလှဆင်ရန်ဖြစ်ပါကြောင်း။ ။