တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့တို့ရှိ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာသုတေသန ဦးစီးဌာနတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေး

တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့တို့ရှိ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာသုတေသန ဦးစီးဌာနတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၉

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဆည်) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ဆရာ၊ ဆရာမများ၏  စာတွေ့ လက်တွေ့ပို့ချသင်ကြားရေးတွင် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု လုပ်ငန်းများတွင် စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီ၀နည်းပညာ သုတေသန ဦးစီးဌာနသို့ ရောက်ရှိရာ သုတေသီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကလည်း အစိုးရစက်မှုလက်မှုသိပ္ပံ  (တောင်ကြီး) စီမံကိန်းသို့ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့  သွား ရောက်ပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊ လူ့စွမ်းအားအရင်းအမြစ် သည် စဉ်ဆက်မပြတ်ပြုစု ပျိုးထောင်သွားရမည့် အရေးပါဆုံးကိစ္စဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ခံယူကာ မြှင့်တင်သွားကြရန် မှာကြားသည်။

ထို့ပြင် အဆိုပါတက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာန များသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများ၊ အလုပ် ရုံများ၊  သုတေသန လုပ်ဆောင်နေမှုများ၊ အားကစားကွင်းနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တို့ကို    လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။