တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၁

      ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

    အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၂၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၂၅ ဦး၊ ခွဲစိတ်ရောဂါ ၅၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၆၅ ဦး၊ အရိုးရောဂါ ၁၃၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၀ ဦး၊ မျက်စိရောဂါ ၂၂၆ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၉၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

    အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

  အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ဇလွန်မြို့ရှိ ရဟန္တာဦးသီလဓာတ်တော် စေတီဝန်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၅၇ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၆ ဦး၊ ကလေးရောဂါ ၉ ဦး၊ အရိုးရောဂါ ၅၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၁၂၆ ဦး နှင့် သွားရောဂါ ၁၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂ ဦးကို နီးစပ်ရာတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးသီဟအောင် (အုပ်ချုပ်ရေးမှူး၊ ချောင်းသာမြို့)  

          ကျွန်တော်ကတော့ ချောင်းသာမြို့မှာ မြို့အုပ်ချုပ်ရေး တာဝန်ယူဆောင်ရွက် ရပါတယ်။ ဒီကပြည်သူတွေအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဲ့တာတွေ အကုန်လုံး ဆောင်ရွက်ရပါတယ်။ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် သင်္ဘော(သံလွင်) အခမဲ့ ဆေးကုသရေးအဖွဲ့ လာရောက်တဲ့အခါမှာ ဒေသခံပြည်သူတွေ ဆေးကုသနိုင်ဖို့အတွက် ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုရေးအသင်း အဖွဲ့တွေပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆော်ဩတာတွေ၊ စုရပ်လုပ်တာတွေ၊ သူတို့နားခိုဖို့အတွက် ဆောင်ရွက်ပေးပါတယ်။ သွားရေးလာရေးအတွက် ကားတွေ၊ ရေယာဉ်တွေ ဆောင်ရွက်ပေးထားပါတယ်။ သူတို့ စားဖို့သောက်ဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

          ခုလို တပ်မတော် အခမဲ့ ဆေးကုသရေးအဖွဲ့လာ ရောက်တဲ့အတွက် ကျွန်တော်တို့ဒေသမှာလည်း ဆေးသွားရောက်ကုသမယ်ဆိုရင် မြို့ပေါ်သွားရမှာနဲ့ ရေတစ်တန်၊ ကုန်းတစ်တန်နဲ့ဆိုတော့များစွာ အခက်အခဲရှိပါတယ်။ ဒီမှာ ၂၅ ကုတင်ဆံ့ဆေးရုံပဲရှိတာဖြစ်တဲ့အတွက် လုံလောက်မှုတော့ မရှိပါဘူး။ အဲ့ဒီအတွက် ရောဂါပေါင်းစုံကို ကုသနိုင်တဲ့ ဆရာဝန် ပါရဂူကြီးတွေ ကုသတဲ့ မပြည့်စုံတဲ့ မိသားစုတွေက အဝေးကို မသွားရဘဲ ဒီအနီးမှာ ကုသရတဲ့အတွက် အားလုံး အဆင်ပြေတယ်၊ အကျိုးကျေးဇူးလည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒေသခံတွေကလည်း ကြိုဆိုပါတယ်။ ဒီကပြည်သူတွေကလည်း ကျေးဇူးတင်ပါတယ်။ ဌာနဆိုင်ရာများကလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ဒီလိုကုသပေးဖို့ ကျွန်တော်တို့အရပ်ဒေသကနေ ဖိတ်ခေါ်ပါတယ်။ ခုလိုလာရောက် ဆေးကုနိုင်အောင် စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာဝန်ကြီးတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ဦးဥတ္တမ (ရေလယ်ပရိယတ္တိစာသင်တိုက်၊ ဇလွန်)

          နားမကြားတဲ့ ရောဂါပေါ့နော် အဲ့တာကြောင့် လာရောက်ပြသတာပါ။ ပြသတဲ့ အခါမှာ ဒီက ဆရာဝန်တွေ၊ ဆရာမတွေ အားလုံးကလည်း လိုအပ်တာမှန်သမျှ အကုန်လုံး အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ် ဦးဇင်း ကို ဆေးဝါကအစ ဘာမှ ပြောစရာမရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဦးဇင်းတို့အနေနဲ့ သူတို့က ဒီလိုဒီကြောင်းပဲ ဦးဇင်း ၊   ဦးဇင်းမှာ ရောဂါရှိရင် လာရောက်ပြသလို့ရတယ်၊ သူ့ဌာနနဲ့သူဆိုလို့ ဦးဇင်းလာရောက် ပြသခြင်းဖြစ်ပါတယ်။ ဒကာ/ဒကာမတွေအတွက် လိုအပ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတိုင်းအတာကို သူတို့ပေးသွားတာပဲလေ။

          သူတို့ပေး သွားတဲ့အခါမှာ သူတို့အတွက် ကိုယ်ကျိုးဆိုတာ ဘာရှိလို့လဲ သူတို့တတ်တဲ့ ပညာနဲ့ ဇီဝိတဒါနအကုန်လုံး ရဟန်းသံဃာတွေကအစ လူတွေအကုန်လုံးကိုလာပြီးတော့ ကုသပေးတာ အလွန်ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတရားကို သိတတ်မယ်ဆိုရင် အလွန်ကျေးဇူးတင်သင့်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေနေ၊ ဘာပဲဖြစ်ဖြစ် အဓိက ကတော့ ဘယ်နေရာပဲရောက်ရောက် ရိုးရိုးသားသားနဲ့ နေထိုင်ကြမယ်ဆိုရင်၊ ရိုးသားမှု တစ်ခုကို အခြေခံမယ်ဆိုရင် အားလုံးက အေးချမ်း စွာနဲ့ နေထိုင်လှုပ်ရှားကြမှာပါ။ ဦးဇင်းကလည်း ဒကာတို့ဆေးကုမှုအဖွဲ့အားလုံးကို အားလုံး ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်ကွယ်။