တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်း ဆောင်ရွက်မည်

တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပထမအကြိမ်  မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်း ဆောင်ရွက်မည်

နေပြည်တော် နိုဝင်ဘာ ၂၁

    ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်းကို တန်ဆောင်တိုင်   မီးထွန်းပွဲတော်ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ   ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တန်ဆောင်တိုင်  မီးထွန်းပွဲတော် ကာလအတွင်း နိုဝင်ဘာလ ၂၆ရက် (တန်ဆောင်မုန်း လဆန်း ၁၄ ရက်)နေ့ ညပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်(၉)စင်ဖြင့်  မသိုးရွှေကြာသင်္ကန်း စတင်ရက်လုပ်ပြီး နိုဝင်ဘာလ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) နေ့ နံနက်တွင်    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့  ကပ်လှူပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

    ပွဲတော်ကာလအတွင်း ဆီမီး(၉၀၀၀) ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင် ပူဇော်ခြင်းများကို  စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အတွင်းရောင်စုံ အလှမီးများ တပ်ဆင်ပူဇော်ထားရှိခြင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)  လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ  ခင်းကျင်းရောင်းချခြင်း၊ဘုရားဖူးလာ ကလေးသူငယ်များ အတွက် ချားရဟတ်စသည့် ကလေး ကစားကွင်းများဖြင့် ပွဲတော်ကာလ အတွင်း စီစဉ်ဆောင်ရွက် ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။