နေပြည်တော်နည်းပညာ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုအားပေး

နေပြည်တော်နည်းပညာ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုအားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၂၃

    သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် နည်းပညာ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ  ပညာ သင်ကြားနေမှုကို   သွားရောက်ကြည့်ရှု အားပေးသည်။

    အဆိုပါတက္ကသိုလ်သို့   ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု၊ စာသင်ခန်းများ၌ သင်ကြား သင်ယူမှုလုပ်ငန်းများ  စတင်ဆောင်ရွက်နေမှု၊ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System-  LMS)ကို အသုံးပြု၍  သင်ကြားနေသော သင်ခန်းစာများ၊ ခေတ်မီသင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ Language Lab  နှင့် ကွန်ပျူတာခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ  ကျောင်းသား၊ ကျောင်းသူများနှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း အားပေးသည်။

    နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်လျက်ရှိပြီး မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊  အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ ကွန်ပျူတာ အင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာ ဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်များ သင်ကြားပေးလျက် ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန် နှင့် နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့် ပေးနိုင်မည် ဖြစ်ကြောင်း   သတင်းရရှိသည်။