သံဃာတော်နှင့် သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင် အသားဝါရောဂါ “ဘီ” ပိုးကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ကြည့်ရှုအားပေး

သံဃာတော်နှင့် သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင် အသားဝါရောဂါ “ဘီ” ပိုးကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ကြည့်ရှုအားပေး

 

နေပြည်တော် နိုဝင်ဘာ ၂၈

    ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ်အတွင်းရှိ ပထမအကြိမ် အသည်းရောင်အသားဝါရောဂါ  “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှုကာလ တစ်လပြည့်မြောက်သော သံဃာတော်/သီလရှင်တို့အား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ၌ ကျင်းပသည်။

    အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်  တာဝန်ရှိသူများက သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ၌ သံဃာတော် ၁၇၂ ပါးတို့အား ဒုတိယအကြိမ် အသည်းရောင် အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး   နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးမှူး၊ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ ဆေးရုံအုပ်ကြီးနှင့် အစာအိမ် အူလမ်းကြောင်းနှင့်  အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)မှ တာဝန်ရှိသူတို့က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍    ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်  မိသားစုက  အသည်းရောင် အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးအတွက် အလှူငွေများ လှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိသားစုက ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံအတွက် ဆေးပဒေသာ ပင်အလှူငွေများ လှူဒါန်းခဲ့သည်။

    ယနေ့တွင် ပျဉ်းမနားမြို့  မဟာဓမ္မိကာ ရာမအုန်းတောကျောင်း၊  လယ်ဝေးမြို့ ခုတင် - ၁၀၀ ဆေးရုံကြီး၊ တပ်ကုန်းမြို့ မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပုဗ္ဗသီရိမြို့ ခုတင် - ၃၀၀ ဆေးရုံကြီးတို့တွင် လည်း ဒုတိယအကြိမ်အသည်းရောင် အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားများကျင်းပခဲ့ရာ စုစုပေါင်း  သံဃာတော်/သီလရှင် ၁၂၄၁ ပါးတို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း ထိုးနှံပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၂၅ ရက်တွင် တတိယအကြိမ် အဖြစ် သုံးကြိမ်အပြည့် အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။