မြစ်ကြီးနားမြို့နှင့် ကော့သောင်းမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့နှင့် ကော့သောင်းမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၃၀

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

      ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၃ ပါး တို့ကို ခွဲစိတ်ကုသမှုရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် သံဃာတော် များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

      အလားတူ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့ကတနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ရှိ ရွှေပြည်သာကျောင်းတိုက်မှ သံဃာတော်များအား အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။