မြန်မာနိုင်ငံရှိ သူနာပြုနှင့် သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD)စနစ်အား စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်း အခမ်းအနား ကျင်းပ

 

မြန်မာနိုင်ငံရှိ သူနာပြုနှင့် သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD)စနစ်အား စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်း အခမ်းအနား ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၃၀

    မြန်မာနိုင်ငံရှိ  သူနာပြုနှင့် သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD)စနစ်အား စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးတင်ပြခြင်း အခမ်းအနား (Launching Ceremony: Continuing Professional Development (CPD) Guideline for Nurses and Midwives in Myanmar) ကို   ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွှယ်ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊  နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် သူနာပြု၊ သားဖွား ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကဆေးရုံများမှ သူနာပြု ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    အခမ်းအနားတွင်  ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ သည်  ၂၀၁၉ ခုနှစ်မှစတင်၍ C.P.D (Continuing Professional Development)  စနစ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် Draft Guidelines on CPD system for Nurses and Midwives in Myanmar  ကို အပြီးဆောင်ရွက်နိုင်ခဲ့ကြောင်း၊   မြန်မာနိုင်ငံ သူနာပြုနှင့်  သားဖွားကောင်စီ အနေဖြင့် သူနာပြု၊   သားဖွားများ၏  ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းများ သတ်မှတ်၍  ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

    ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ  ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းအင်အားစုများ၏ အဓိကအင်အားစုတစ်ရပ်ဖြစ်သည့် သူနာပြု၊ သားဖွား ဆရာ/ဆရာမများအတွက်  အရည်အသွေးများ တိုးတက်မြင့်မား လာစေရန်နှင့်   စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏ လုပ်ငန်းတာဝန် တစ်ခုဖြစ်ပြီး  ထိုလုပ်ငန်းတာဝန်ဖြစ်သည့်  CPD စနစ်အား စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီအား ဂုဏ်ပြုကြောင်း ပြောကြားသည်။

    ဆက်လက်၍ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်နှင့် သူနာပြုသားဖွား အတတ်ပညာနှင့် လုပ်ငန်းအဆင့်အတန်း စံချိန်စံညွှန်း သတ်မှတ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးရှိ နယ်ပယ်အသီးသီးမှ သူနာပြုသားဖွား ကိုယ်စားလှယ်များ အတည်ပြု သတ်မှတ်ပေးပြီးခဲ့သော CPD Guideline များကို တက်ရောက်လာသော နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ သူနာပြုသားဖွား ကိုယ်စားလှယ်များအား မိတ်ဆက်ပေးပြီး CPD  စနစ်နှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

     ယင်းနောက် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဋ္ဌက   မြန်မာနိုင်ငံရှိ သူနာပြု၊ သားဖွားများအတွက် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ  CPD  စနစ်အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ကြောင်း သိရသည်။