၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေး

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၃၀

    ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပသည်။

    အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊   မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊  ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ   အုပ်ချုပ်သူ/နည်းပြများ၊  အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်  ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

    ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ နေပြည်တော်ကောင်စီ အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

    ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် ဦးကိုကိုလှိုင်တို့က အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူများကို  ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

    ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က   အမျိုးသမီး သုံးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်  တတိယဆုရရှိသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်းက အမျိုးသမီး လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

    ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ခွန်စံလွင် က  အမျိုးသား နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဒေါက်တာဘရွှေ က အမျိုးသား သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်   တတိယဆုရရှိသူများကို လည်းကောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသားလေးယောက်တွဲ  အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

    ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင်သိန်းတို့က အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် မွန်ပြည်နယ် အသင်းနှင့် အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ကို  တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့် ကြသည်။

    ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူ က  စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို   တံခွန်စိုက်ဆုဖလား ပေးအပ်သည်။

    ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ပိုက်ကျော်ခြင်း  အားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊   တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊  မြန်မာ့ပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့်  နိုင်ငံကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ်၍ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း၊ အားကစားသမား စုစုပေါင်း ၂၆၂  ဦး ဖြင့် နိုဝင်ဘာလ ၂၂ရက် မှ ၃၀  ရက်အထိ  ကျင်းပခဲ့ကြောင်း သိရသည်။