ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုအားပေး

 

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုအားပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၁

    ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့် ပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊  ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် အောင်မြေသာစံမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း(နန်းတွင်း)၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊   အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် မန္တလေး   ပညာရေး ဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊  ကျောင်းသူများ  အေးချမ်း ပျော်ရွှင်စွာပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဘဝတိုးတက် အောင်မြင်ရေး အတွက် ပညာကိုကြိုးစား သင်ယူရမည်ဖြစ် ကြောင်း၊ ဆရာ၊ ဆရာမများ ဆုံးမသင်ကြားသည့်အတိုင်း   ကြိုးစားလိုက်နာကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးကာ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ပြည်ထောင်စုဝန်ကြီးက   ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင်    စေတနာထား၍ သင်ကြားပေးရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား တန်ဖိုးထားဆက်ဆံကာ မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည် အသွေး တိုးတက်ကောင်းမွန်အောင်ကြိုးစား ဆောင်ရွက်ရေး၊ ကျောင်းသန့်ရှင်းသာယာရေး၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲ လုပ်ထုံးလုပ်နည်းနှင့်အညီ  စနစ်တကျ ဆောင်ရွက်ရေး၊ ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပမည့်   သုတေသန စာတမ်းဖတ်ပွဲတွင်   တန်ဖိုးရှိသည့် သုတေသနစာတမ်းများ   ပါဝင်ဖတ်ကြားရေးတို့ကို ဆွေးနွေးပြောကြားကာ တက္ကသိုလ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ်   ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။