၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ

 

နေပြည်တော်  ဒီဇင်ဘာ  ၂

    အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစား လောက အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ “၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ”ကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။

    စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်   ဒေါ်ဒွဲဘူ၊  ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း အင်အား ၄၀၀၀ ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

   ဒီဇင်ဘာလူထုအားကစားလ  လူထု စုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင် တာထွက်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများ အတိုင်းဂိတ်       (A)ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား   ဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်  ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။

   အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနများမှ  ဝန်ထမ်းများအပြင် ဝန်ထမ်း မိသားစုဝင်များပါ ပါဝင်ဆင်နွှဲ သွားမည်ဖြစ်ကြောင်း သိရသည်။