ပဲခူးမြို့၌ အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ပေးခြင်း ၊ ဆေးဝါးများပေးအပ်ခြင်းနှင့် မျက်မှန်များ တပ်ဆင်ပေးခြင်း ဆောင်ရွက်

 

ပဲခူးမြို့၌ အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ပေးခြင်း ၊ ဆေးဝါးများပေးအပ်ခြင်းနှင့် မျက်မှန်များ တပ်ဆင်ပေးခြင်း ဆောင်ရွက်

 

    မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ညီလာခံ ၂၀၂၃ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသီဟ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းဒေသကြီး (၄)ပဲခူးမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက မျက်စိလူနာများအား အခမဲ့စမ်းသပ်ပေးခြင်း၊ လိုအပ်သောဆေးဝါးများ ပေးအပ်ခြင်း၊ မျက်မှန်များ တပ်ဆင်ပေးခြင်း၊   မျက်စိနှင့်ပတ်သက်သော ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်နိုင်မှုများအား ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့်မျက်မမြင် ကာကွယ်ရေး စီမံကိန်းဒေသကြီး (၄)ပဲခူးမြို့၌ ဆောင်ရွက်သည်။

 မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ညီလာခံ ၂၀၂၃ ၏ “လူတိုင်းသက်ရှည် ကျန်းမာဖို့  ပြည်သူ့ကျန်းမာရေး မြှင့်တင်စို့”  ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာလ ၁၃ ရက်မှ ၃၀ ရက်အထိ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက တိုင်းဒေသကြီး အတွင်းရှိ မျက်စိလူနာ ၇၅၆ ဦးကို အခမဲ့စမ်းသပ် စစ်ဆေးပြီး ခွဲစိတ်ရန် လိုအပ်သော မျက်စိလူနာ ၁၀၀ ဦးအား နိုဝင်ဘာလ ၂၉ ရက်မှဒီဇင်ဘာလ ၂ ရက်အထိ အခမဲ့ခွဲစိတ် ကုသပေးကြောင်း သိရသည်။

ထိုသို့ကုသဆောင်ရွက်ပေးရာတွင် ပဲခူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့်အနောက်ခြမ်း၊ အဆိုပါဒေသနှင့် နီးစပ်သော ဒေသများမှအများစုဖြစ်ပြီး ယင်းတို့အနက်မှ ခွဲစိတ်ရန်လိုအပ်သူများကို ခွဲစိတ်ကုသ ဆောင်ရွက်ပေးပြီး ကျန်လူနာများကို မျက်မှန်စမ်းသပ်ပေးခြင်း၊ ဆေးဝါးများပေးအပ်ခြင်း၊ မျက်စိရောဂါ အကြောင်းအသိပညာပေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့အတူ ကျောင်းမျက်စိ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့်လည်း ပဲခူးမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများမှ မူလတန်း ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀၁ ဦးကိုလည်း မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးများ ပေးအပ်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။