သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)နှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး (မန္တလေး)တို့ကို ကြည့်ရှုစစ်ဆေး

 

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)နှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး (မန္တလေး)တို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ  ၃

    ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ  ဒေါက်တာအေးထွန်းသည် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ တင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ရှိ  သွားနှင့်ခံတွင်းလူနာများ နေ့စဉ်ကုသပေးလျက်ရှိသော ဌာနများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက်  Smart Practice Room များ၊ Digital Dentistry Lab, Scanning Electron Microscope Room, Mole-cular Lab, Histopathology Lab များ၊ တက္ကသိုလ်စာကြည့်တိုက်နှင့် ခုတင် ၅၀ ဆံ့ ခံတွင်း၊ မျက်နှာ၊ မေးရိုးခွဲစိတ်ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ခံများက ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ အရိုးရောဂါအထူးကု ဆေးရုံကြီးသို့ရောက်ရှိပြီး  ဆေးရုံကြီးရှိ လူနာကုသဆောင်များသို့   လှည့်လည်ကြည့်ရှု၍ ဆေးရုံတက်လူနာများကို ကြည့်ရှု အားပေးစကား ပြောကြားသည်။ 

ထို့နောက် အသစ်ဖွင့်လှစ်မည့် တိုးချဲ့လေးထပ် လူနာကုသဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အကြောအဆစ် အထူးကုဌာန၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာနတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ၊ အရိုးရောဂါ ပညာဌာနမှ  အထူးကုဆရာဝန်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။