တီဘီရောဂါရှာဖွေစစ်ဆေး ကုသပေးခြင်း ဆောင်ရွက်

 

တီဘီရောဂါရှာဖွေစစ်ဆေး ကုသပေးခြင်း ဆောင်ရွက်

 

    ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်  ကြံခင်းမြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး “လူတိုင်းအသက်ရှည် ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စ” ဆောင်ပုဒ်ဖြင့် တီဘီရောဂါရှာဖွေ စစ်ဆေးကုသပေးခြင်းကို  ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင်  ရေနံတောင် ကျန်းမာရေးဌာန၌  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး   ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာ ဝင်းနိုင်တို့ ဦးဆောင်ပြီး ရေနံတောင်ကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများအား တီဘီရောဂါ လက္ခဏာအကြောင်း   သိကောင်းစရာများ၊   တီဘီရောဂါ အမျိုးအစားများဖြစ်ပွားလျှင်  ဆေးမှန်မှန်သောက်သုံး ကုသမှုခံယူကြရန်နှင့် သေချာစွာ ကုသမှုမခံယူလျှင် နောက်ဆက်တွဲဖြစ်ပွားမည့်  ဆိုးကျိုးများကို အသိပညာပေး ပြောကြားကြသည်။

ထို့နောက်  တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  တာဝန်ရှိသူများဦးဆောင်ပြီး  မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများဖြင့် တီဘီရောဂါရှာဖွေ စစ်ဆေးခြင်းများ  ဆောင်ရွက်ပေးကြရာ  သွေးပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်းများ ဆောင်ရွက်ပြီး ရောဂါတွေ့ရှိသူ လူနာများအား ဆေးဝါးကုသပေးခြင်း၊ လိုအပ်သော ဆေးဝါးများပေးကာ သုံးစွဲရမည့်နည်းများ ညွှန်ကြားပေးခြင်းများ ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးသည်။ 

အဆိုပါဆေးကုသပေးရာသို့ လာရောက်ပြသ စစ်ဆေးသူပေါင်း ၁၅၃ ဦးရှိပြီး  တီဘီရောဂါလက္ခဏာ တွေ့ရှိ လူနာ ၁၄ ဦးအား  ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တီဘီရောဂါရှာဖွေ စစ်ဆေးကုသပေးခြင်းကို  ဒီဇင်ဘာလ ၄ ရက်တွင်  ကံရွာအောက်စု  ကျန်းမာရေးဌာန၌ ကွင်းဆင်းဆက်လက် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။