စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံဆွေးနွေး

 

စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံဆွေးနွေး

 

ရန်ကုန်  ဒီဇင်ဘာ  ၅

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ ညနေပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၌  ရုပ်ရှင်နှင့်ဗီဒီယို ဆင်ဆာမူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  မိမိအနေဖြင့် ဆင်ဆာအဖွဲ့ဝင်များနှင့် ယနေ့တွေ့ဆုံခြင်းမှာ  လုပ်ငန်းများ ဆွေးနွေးညှိနှိုင်းရန်နှင့် အနာဂတ်ရုပ်ရှင် လောကအတွက် မည်သို့ ဆောင်ရွက်သင့်သည်ကို ရုပ်ရှင်အနုပညာရှင်များ၏  အကြံပြုချက်များ ရယူနိုင်ရန် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ၌ လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် စစ်ပွဲများဖြစ်ပေါ်လျက်ရှိပြီး မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုမရှိစေရန်  ထိန်းသိမ်းဆောင်ရွက်နေရသည့် အတွက် အနုပညာရှင်များ အနေဖြင့် နိုင်ငံသားတစ်ဦးပီသစွာ ဝိုင်းဝန်းကာကွယ် စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမေရိကန်နိုင်ငံခြားရေးရုံးက  ထုတ်ပြန်ထားသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်း အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဖော်ပြချက်နှင့် ပတ်သက်၍   စိတ်မကောင်းဖွယ် ဖြစ်ရကြောင်း။

ယနေ့အချိန်တွင် စာပေ၊  ရုပ်ရှင်၊ သဘင်၊ ဂီတလုပ်ငန်းများ ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊  သို့ရာတွင် ယခုထက် ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးရောက်ရှိအောင်  အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာပေထုတ်ဝေခွင့်များနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များ ပေးခဲ့သော်လည်း  အချို့သော ပုံနှိပ်ထုတ်ဝေသူများသည်  ကျင့်ဝတ်စည်းကမ်းများကို မလိုက်နာဘဲ  မသင့်မလျော်ရေးသား ထုတ်ဝေခြင်းများကြောင့် အရေးယူဆောင်ရွက်ခဲ့ရကြောင်း၊ ရုပ်ရှင်ဇာတ်ကားများနှင့် ပတ်သက်၍ ဆင်ဆာကြည့်ရှုစိစစ်သည့် လုပ်ငန်းများကို မလွှဲမရှောင်သာ  ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြသမှုများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံနှင့် ဆီလျော်သည့်  စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး ထိန်းသိမ်းကြပ်မတ် နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

ရုပ်ရှင်ဇာတ်ကားများ ဖန်တီးထုတ်လုပ်မှုများနှင့် ပတ်သက်၍ မိမိနိုင်ငံနှင့် လူမျိုးထိခိုက်မှုမရှိစေရန်    အသိတရားဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ရုပ်ရှင်ရုံများ၌ ကြည့်ရှုသူများ အထိုက်အလျောက် များပြားလာပြီဖြစ်၍ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်မှုများကို အကျိုး/အပြစ် ချိန်ဆဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်သည့်  လုပ်ငန်းရပ်များသည် အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးပါရန်နှင့် လိုအပ်သည့် အခက်အခဲများအား  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပေးပါရန် ပြောကြားသည်။

ယင်းနောက်  မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် ဒေါ်ဆွေဇင်ထိုက်တို့က ရုပ်ရှင်လောက  ပိုမိုကောင်းမွန်လာစေရေး အတွက် ဆောင်ရွက်ရမည့် အခြေအနေများနှင့် စပ်လျဉ်း၍   ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။