ဆေးဖက်ဝင်သော လိုက်ချီးသီးအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

လိုက်ချီးရာဇဝင်

အင်္ဂလိပ်အမည် Litchi  သို့မဟုတ် Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာပြည်တွင် လိုက်ချီးသီး၊ လိုင်ချီးသီး၊ လေချူသီး၊ တရုတ်ဆီးသီး ဟု ခေါ်ကြသည်။ လိုက်ချီးပင်တို့ ပေါက်ရောက်ရာ

ဇာစ်မြစ်မှာ တရုတ်ပြည်တောင်ပိုင်းဖြစ်သည်။ယနေ့ အမေရိကန်နိုင်ငံတွင် လိုက်ချီးသီးမှာ အထူးရေပန်းစား လူကြိုက်များလျက်ရှိသည်။ တရုတ်ပြည်တောင်ဘက်ပိုင်း၊ ဖိလစ်ပိုင်၊  အင်ဒိုနီးရှား၊ မြောက်ဗီယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်းနှင့်  အိန္ဒိယနိုင်ငံတို့တွင်  ရာသီစာသီးနှံအဖြစ် လိုက်ချီးပင်များကို  စီးပွားဖြစ် စိုက်ပျိုးအောင်မြင်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ မုံရွာ၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့တွင် လိုက်ချီးသီး အထွက်များသည်။ ကလေးမြို့၏ နေရာအနှံ့အပြားတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကာ အိန္ဒိယနိုင်ငံသို့ ရောင်းချကြသည်။ လိုက်ချီးပင်များကို အစေ့မှပျိုးထောင်သော အပင်ကြီးများမှာ အထနှေးသဖြင့် အသီးမြန်သည့် မြေထုပ်စည်း မျိုးပွားနည်း(Air layering)ကို အများဆုံး အသုံးပြုသည်။ ရေအလွယ်တကူ ရနိုင်သည့် မြစ်ချောင်းကမ်းဘေးများတွင် စိုက်ပျိုးခြင်းက ပို၍အဆင်ပြေသည်။ အသီးများကို သိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း၊ အရောင်မည်းခြင်း၊ ပုပ်ခြင်းများဖြစ်နိုင်သည်။ ထို့ကြောင့် တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရာတွင် အင်ဖက်ကဲ့သို့  ဖက်စိမ်း  သို့မဟုတ် ရေငွေ့ထိန်းနိုင်သော ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးထားကြရသည်။

လိုက်ချီးသီးစားဖွယ်စုံ

လတ်လတ်ဆတ်ဆတ် အဆာပြေ သစ်သီးအဖြစ် စားသုံးကြသလို ရေခဲမုန့်၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုက်ချီးသီးသံဘူး၊ လိုက်ချီးသီးခြောက်စသည်ဖြင့် နှစ်ခြိုက်စွာ စားသုံးကြသည်။ လတ်ဆတ်သော လိုက်ချီးသီးများကို အခန်းအပူချိန်တွင် ထားပါက ငါးရက်ခန့်ခံသည်။ လိုက်ချီးသီးကို ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲ ထည့်သိမ်းပါက နှစ်ရက်ခန့်အကြာတွင် အညိုရောင်ပြောင်းသွားတတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့၊အရသာ ယိုယွင်းမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စား၍ ရသည်။ တချို့နိုင်ငံများတွင် ခေတ်မီတိုးတက်သော နည်းပညာများဖြင့် ဆန်းသစ်ကာ လိုက်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်၊ lotion ၊ ပေါင်ဒါ စသည့် အလှကုန် ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်လျက်ရှိသည်။

ဆေးဖက်ဝင်သော လိုက်ချီးသီး

လိုက်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်  အာဟာရဓာတ် မြောက်မြားစွာ ပါရှိသည်။

-ခန္ဓာကိုယ်အတွက် ခွန်အားများကို တိုးပွားစေနိုင်ပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

-ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။

-လိုက်ချီးထဲတွင် citrus အက်စစ်ကဲ့သို့သော ဗီတာမင်စီ ၄ဝ ရာခိုင်နှုန်းခန့် ပါရှိရာ လိမ္မော်သီးထဲတွင် ပါဝင်မှုပမာဏထက် ပို၍များသည်။    ထို့ကြောင့် ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကို တိုက်ထုတ်ပေးနိုင်သည်။ Natural Cancer Treatment ၏သုတေသနပြုချက်အရ လိုက်ချီးသီးက ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။

-လိုက်ချီးထဲတွင် ပါဝင်သော ဘီတာကယ်ရိုတင်း ပမာဏသည် မုန်လာဥနီထက် ပိုသည်။

-အစာကြေစေပြီး ဆီးရွှင်စေသည်။

-လိုက်ချီးသီးတစ်ခွက်စာ ပမာဏထဲတွင် ပါရှိသော ပိုတက်စီယမ်သည် လိမ္မော်သီး အသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပိုသည်။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို  ဟန်ချက်ညီညီ

ထိန်းချုပ်ပေးနိုင်သည်။ သွေးခဲခြင်း၊ ဆဲလ်များ ပျက်စီးခြင်းမှ ကြိုတင် ကာကွယ်ပေးနိုင်သည်။ ထို့ပြင်နှလုံးကို ပုံမှန်ခုန်စေပြီး နှလုံးကြွက်သားများ ကျုံ့ခြင်း၊ ချဲ့ခြင်းနှင့် နှလုံးသွေးကြော စီးဆင်းလည်ပတ်မှုတို့ကို ကောင်းစွာ အထောက်အပံ့ပေးသည်။   နှလုံးရောဂါဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေရုံသာမက နှလုံးရောဂါ ဝေဒနာသည်များကိုလည်း လေဖြတ်ခြင်းမှ ၅ဝ ရာခိုင်နှုန်း သက်သာ လျော့နည်းစေနိုင်သည်။

-လိုက်ချီးသီးတွင် ကြေးနီ(Copper)ဓာတ်များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်သဖြင့် သွေးအားကောင်းစေပြီး ခွန်အားတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။

-ခန္ဓာကိုယ်အတွက် လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ကြွယ်ဝစွာပါရှိသည်။

-လိုက်ချီးသီးထဲတွင်ကယ်စီယမ်၊ ဖော့စဖရက်နှင့် မဂ္ဂနီစီယမ် စသည့် သတ္တုဓာတ်များ ပါရှိသောကြောင့် အရိုးနှင့်သွားများ ကြီးထွားမှုအတွက် အလွန်အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးငယ်များကိုလည်း လိုက်ချီးသီး ကျွေးသင့်သည်။

-ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပယိကရောဂါများအတွက် လိုက်ချီးသီးက အစွမ်းထက်လှသည်။ ဖျားနာနေသောသူများလည်း စားပေးခြင်းဖြင့် သက်သာ လာစေနိုင်သည်။

-လိုက်ချီးသီးစားသုံးခြင်းက နာကျင်မှုကို လျော့ကျစေပြီး  ဂလင်းတွေရောင်ရမ်းမှုကို သက်သာစေနိုင်သည်။

-လိုက်ချီးသည် အရသာ အလွန်ချိုသော်လည်း ၎င်းထဲတွင်ပါရှိသော သကြားဓာတ်က   သဘာဝ သစ်သီးသကြားဓာတ်ဖြစ်သည်။ ကယ်လိုရီပါဝင်မှု နည်းပြီး မပြည့်ဝဆီနှင့် ကိုလက်စထရော လုံးဝမပါရှိသည့်အပြင် ကြေညက်လွယ်သော အမျှင်ဓာတ်များ ကြွယ်ဝစွာပါရှိသည့်အတွက် ခန္ဓာကိုယ် အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက် စားသုံးနိုင်သော အသီးဖြစ်သည်။  ကိုယ်အလေးချိန် ကျဆင်းစေသည်။

-လိုက်ချီးစားသုံးခြင်းကြောင့် အသားအရေကို ကောင်းမွန်တိုးတက်လှပစေပြီး   မျက်နှာပေါ်ရှိ အစက်အပြောက်များကို သက်သာလာစေနိုင်သည်။-

-ဖက်ခွက်နာ၊  ပြည်တည်နာ စသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်သည်။

-ကာမအားကို တိုးပွားစေသည်။

-အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုက်ချီးက အလွန်ကောင်းကျိုးပြုသည်။

-လိုက်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ Oligonol  ခေါ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးပါရှိနေသည့်အတွက် တုပ်ကွေးဗိုင်းရပ်ပိုးများကို တွန်းလှန်ပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါ အဖွဲ့အစည်းများထဲတွင် သွေးလည်ပတ် စီးဆင်းမှု တိုးတက် ကောင်းမွန်စေသည်။

-ဂျပန်နိုင်ငံရှိ Kyorin University က အရေပြားပေါ်တွင် ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကို လိုက်ချီးသီးစားခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။

-လိုက်ချီးသီးသည် သီအာမင်၊ နီအာစင်းနှင့် ဖောလိတ်စသည့် ဗီတာမင်ဘီ ဓာတ်ပေါင်းစုတို့ စုဝေးရာ သဘာဝ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေသည်။

-အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန် အတွက် လိုက်ချီးသီးကို တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးကုထုံးများတွင် အသုံးပြုလေ့ရှိသည်။

မှတ်ချက်

လိုက်ချီးသီးတွင် လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ။ သို့သော် -

-အမှည့်လွန်သော အသီးများတွင် အချဉ်ဓာတ်ပေါက်သည့်  အရသာရှိ၍ လတ်ဆတ်သော အသီးများကိုသာ စားသုံးပါ။

-အစာအိမ်ထဲတွင် အစာမရှိဘဲ လိုက်ချီးသီးမစားပါနှင့်။ ရုတ်တရက် ဝက်ရူးပြန်ရောဂါ ကဲ့သို့ အတက်ရောဂါဖြစ်ပွားပြီး အသက်အန္တရာယ် ရှိနိုင်သည်။

နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက ရှုထောင့်အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ  လိုက်ချီးသီး၏ သူမတူအောင် ဆေးဖက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ကြောင့် အရသာလည်းရှိကာ ကောင်းမွန်လတ်ဆတ်သော လိုက်ချီးသီးတို့ကို အဆာပြေသရေစာ

အဖြစ်သာမက 'အစာလဲဆေး၊ဆေးလဲအစာ'အဖြစ်မှီဝဲ စားသုံးစေလိုပါကြောင်း တိုက်တွန်း လိုက်ရပါသည်။   ။

ပေါက်ပေါက်