ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများနှင့်ပြည်ထောင်စုဖွား

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

   ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာ အပေါင်းခညောင်းပြီး ကာယသုခ၊ စိတ္တသုခတို့နှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါသည်။

    မြန်မာနိုင်ငံနယ်ချဲ့လက်အောက် ကိုလိုနီဘဝ ကျရောက်ခဲ့ရသော ကာလတွင် နယ်ချဲ့တို့က ကျွန်သက်ရှည်စေရန် ပညာရေးစနစ်ကို လက်နက်တစ်ခုအဖြစ်  အသုံးချပြီး မြန်မာတို့ကို အသိဉာဏ်ပညာ နိမ့်ပါးအောင် ဖိနှိပ်လုပ်ဆောင်ခဲ့ကြပါသည်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုကို ပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့ပါသည်။ ထိုအက်ဥပဒေသည် မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာသင်ယူခွင့် မရစေဘဲ ပညာတတ် နည်းပါးစေရန် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ရသော ဥပဒေဖြစ်သဖြင့် တက္ကသိုလ် ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။

    ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သော ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို “အမျိုးသားနေ့”အဖြစ် စတင်သတ်မှတ်ခဲ့ကြပါသည်။ ထိုနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုကို တော်လှန်အောင်ပွဲခံသောနေ့ ဖြစ်သောကြောင့် “အမျိုးသားအောင်ပွဲနေ့”ဟုလည်း သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်။ ထိုကဲ့သို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့နှင့် ယှဉ်တွဲပေါ်ပေါက်လာသော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် ၁၀၃ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။

    ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆီသို့” ဖြစ်ပြီး တွေ့ကြုံခဲ့ရသော သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေး အမွေအနှစ်ကို မျိုးဆက်သစ်လူငယ် များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း   ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး အတွက် အရေးပါသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အားလုံး ပါဝင်လာနိုင်ရေး အမြဲတံခါးဖွင့် ကြိုဆို လက်ကမ်းထားပါသည်။ NCA ချုပ်ဆိုခြင်းနှင့် ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာသည့် ရလဒ်များကို အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးမှသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်း ကြရမည်ဖြစ်ပါသည်။

    မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးကို သမိုင်းစဉ်ဆက်မပြတ် တာဝန်ထမ်းရွက်ခဲ့သော၊ နိုင်ငံ့အရေးကြုံလာတိုင်း ကာကွယ်စောင့်ရှောက် ခဲ့သော တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက် လာမည့် ပြည်တွင်း ပြည်ပရန်ဟူသမျှကို ကာကွယ်စောင့်ရှောက်လျက် ရှိပါသည်။ လက်ရှိ အခြေအနေတွင်လည်း နိုင်ငံတော်အတွက် အန္တရာယ်ရှိမည့် ရွေးကောက် ပွဲတွင်  ရိုးသားမှန်ကန်မှုမရှိဘဲ မသမာသောနည်းဖြင့်  နိုင်ငံတော် အာဏာကို မတရားရယူမည့်အခြေအနေကို ကာကွယ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ   အရေးပေါ်ကာလ သတ်မှတ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား အားလုံး၏ ညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားကြရမည့် အချိန်ကာလဖြစ်ပါသည်။

    ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဆိုသည်မှာ အများစုကရွေးချယ်ခြင်း၊ အများစု၏ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်းနှင့် ဖက်ဒရယ် ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန်ခွဲဝေ လုပ်ဆောင်ခြင်းဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များပြည့်စုံကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်သည့် ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

    နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်၍ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင် အထည်ဖော်ဆောင်ရေးသည် အရေးပါလှသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ပင်ဖြစ်ပါသည်။ နိုင်ငံတော်၏ အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းအစီအမံများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။

    ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံးအလယ်တန်း အဆင့်(KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာနှင့် အထက်တန်းပညာ သင်ယူနိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ အလယ်တန်း အဆင့်ပြီးမြောက်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများ သင်ယူနိုင်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို နိုင်ငံတစ်ဝန်းရှိ ခရိုင်များတွင် ဖွင့်လှစ် ပေးလျက်ရှိပါသည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသား ညီအစ်ကိုအားလုံး စည်းလုံးညီညွတ်ရေး တို့သည် မိမိတို့ ဦးတည်ရမည့် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားပင်ဖြစ်ပါသည်။

    ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ဟူသော ဗလငါးတန်ပြည့်စုံစေရေး အတွက် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများတွင် လူငယ်များကို လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန်ကိန်းအောင်းလာပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို စဉ်းစား ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော၊ ဥပဒေနှင့်စည်းကမ်းများကို လေးစား လိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ သို့မှသာ ဗလငါးတန်ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များဖြင့် အနာဂတ်နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။

    နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည် နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေး အခန်းကဏ္ဍတို့တွင်လည်း ပိုမိုခိုင်မာ လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော၊ အချိန်တိုအတွင်း ထိရောက် အကျိုးဖြစ်ထွန်းနိုင်သည့်   အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း(MSME)များကို အားပေးမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့်   နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို   အလေးထား အားပေးဆောင်ရွက်ပြီး အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို ဦးတည်ဖော်ဆောင် ပေးလျက်ရှိပါသည်။

    ပြည်ထောင်စု၏အင်အားသည် ပြည်ထောင်စုအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးတို့၏ ပေါင်းစည်းအားပင်ဖြစ်ပါသည်။ ထိုပေါင်းစည်း အားသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု ပေါ်တွင် တည်မှီနေပါသည်။ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲများကို ရှောင်ကြဉ်ကာ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှု၊ ညီညွတ်မျှတမှု၊ စိတ်စေတနာကောင်းမှု၊ ဉာဏ်ပညာအမြော်အမြင် ကြီးမှုတို့ကိုအခြေခံ၍ အမျိုးသားရေး စိတ်ဓာတ်များဖြင့် စည်းလုံးညီညာစွာ ဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များဖြစ်သော -

- တိုင်းရင်းသားအားလုံး၏  ညီညွတ်သောစုပေါင်းအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊

-    လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ရေး၊

-    ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသောလူငယ်များ ပြုစု ပျိုးထောင်ရေး၊

-   စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေးတို့ကို အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်၊ စည်းလုံးညီညွတ်သော အမျိုးသားရေး အားမာန်များဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်      သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ