ဆိုင်ကလုန်းမုန်တိုင်း နီဗာ ၏လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟုသတ်မှတ်

နေပြည်တော် နိုဝင်ဘာ ၂၄

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ” (NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပူဒူချယ်ရီ (Puducherry) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၀၀  မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။

ဆိုင်ကလုန်မုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR) သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီတွဒ် ၁၀ ဒသမ ၀ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၂ ဒသမ ၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းဖြစ် သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR) သည် နောက် ၁၂နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း၊ နောက် ၂၄ နာရီအတွင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နိုဝင်ဘာ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူး(Tamil Nadu)ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry) ကမ်းခြေအနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

(မိုး/ဇလ)