နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ - ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက အမျိုးသားကန်တော်ကြီးဥယျာဉ် တည်နေရာနှင့် သမိုင်းကြောင်းများ၊ နိုင်ငံတော်အကြီးအကဲမှလာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊ ကန်တော်ကြီးအတွင်းသို့ ရေဝင်ရောက်မှု အခြေအနေများ၊ ကျောက်စီရေမြောင်းများ ဆောက်လုပ်ထားရှိမှုနှင့် ကန်တော်ကြီး ပတ်ဝန်းကျင် သာယာလှပသန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ ဘဲစားမြက်များ စိုက်ပျိုးထားရှိမှုများ၊ သစ်ခွပန်းပင်များ၊ ပြင်ဦးလွင်ချယ်ရီနှင့် ဂျပန်ချယ်ရီများ စိုက်ပျိုးထားရှိမှု၊ ကန်တော်ကြီးအတွင်း အလှမွေးငါးများ စိုက်ထည့် မွေးမြူထားရှိမှုများကိုလည်းကောင်း၊ ကန်တော်ကြီးဥယျာဉ် တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက အမျိုးသားကန်တော်ကြီး ဥယျာဉ်(၁၆) ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပန်းပွဲတော်တွင် ပြည်တွင်းပန်းမျိုးများနှင့် ပြည်ပမျိုးများကို ဇုန် ၈ ဇုံခွဲ၍ ပြသသွားမည့်အခြေအနေများ၊ ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည့် အခြေနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ခရီးသွားမြို့တော်ဖြစ်စေရေး ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုများ ပုံမှန်အတိုင်းဖြစ်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တာဝန်ခံကုမ္ပဏီအနေဖြင့် ပုံမှန်စစ်ဆေးဆောင်ရွက် နေရန်လိုကြောင်း၊ နှစ်ရှည်ပင်များရှင်သန်ဖြစ်ထွန်းမှုကို မှတ်တမ်းများ ထားရှိရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ခရီးသွားများ လည်ပတ်ရာ၌ သက်တောင့်သက်သာဖြင့် လည်ပတ်နိုင်ရေးအတွက် အောက်ခြေ ရှင်းလင်းစေရေး ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းထားရှိရန်နှင့် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်စေရေး အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဒေသပန်းမျိုးများကို ထိန်းသိမ်းမှု မရှိသဖြင့် အချို့ပန်းမျိုးများ မျိုးသုဉ်းသွားခြင်းများရှိကြောင်း၊ ပြင်ဦးလွင်ဒေသမှ ပန်းမျိုးများကို ရာသီဥတုတူညီမှုရှိသည့် ဒေသများ၌လည်း စမ်းသပ် စိုက်ပျိုးသွားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ(Land Mark)တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။

          ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ပြီး ဒေသသို့ လာရောက်ကြသူများအနေဖြင့် မြို့၏သာယာလှပမှု၊ စည်းကမ်းစနစ်တကျရှိမှု၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် ကောင်းကို ဖော်ဆောင်ထားနိုင်မှုများကို အတုယူအားကျသွားစေသည်အထိဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသခံများ၏ တစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လမ်းများအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းစနစ်တကျနှင့် နေထိုင်မှုစနစ် သပ်ရပ် သန့်ရှင်းနေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့ သာယာလှပမှု၊ စည်းကမ်းစနစ်တကျ ဖြစ်မှုတို့ကို အားကျအတုယူ၍ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ မြို့၊ ရွာများ၊ ၎င်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်း စနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ်ကျနသည့် စီမံခန့်ခွဲမှုနှင့် ဒေသတွင်း နေထိုင်ကြသူများ၏ စည်းကမ်းစနစ်တကျရှိမှုတို့ဖြင့် ပတ်ဝန်းကျင်ကောင်းကို မိမိတို့ဒေသနှင့် အနာဂတ်အတွက် ပုံဖော်တည်ဆောက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း ရင်ဆိုင်နေကြရသည်ဖြစ်သဖြင့် မူလရှိရင်းစွဲ အရင်းအမြစ် ကောင်းများကို ပိုင်ဆိုင်ထားသည့် ပြင်ဦးလွင်မြို့၌လည်း သစ်ပင်သစ်တောများကို Green Zone များ ဖော်ဆောင်၍ ထိန်းသိမ်းခြင်း၊ နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုး ထိန်းသိမ်းခြင်းများဖြင့် ရာသီဥတု ကောင်းမွန်မှုကို ဆက်လက် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ လိပ်ပြာပြတိုက်၊ သစ်ခွဥယျာဉ်တို့၌ ပြသထားရှိမှုများ၊ ဒေသ ပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုး စမ်းသပ်ထားရှိမှုများ၊ တီကျစ်မြေဩဇာ ထုတ်လုပ်ထားရှိမှုအခြေအနေများကို စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်တော်ကြီးထည့်သွင်း မွေးမြူထားသည့် အလှမွေးငါးများကို အစာကျွေးခဲ့ကြပြီး လာရောက် အပန်းဖြေအနားယူနေကြသည့် ပြည်သူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

          အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့အတွက်သာမက နိုင်ငံတော် အတွက်လည်း အထိမ်းအမှတ်နေရာ (Land Mark) တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ကန်များအတွင်းသို့ ရေဝင်ရောက်မှုများ  နည်းပါးလာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့အတွင်း  လာရောက်သည့်  ခရီးစဉ်များတွင် လမ်းညွှန်မှုများဖြင့် လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ရေလမ်းကြောင်း ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ကန်တော်ကြီးအတွင်းသို့ ရေဝင်ပေါက်များမှ ရေများ ပြန်လည်စီးဝင်လျက်ရှိပြီး သတ်မှတ် ရေပြည့်ပမာဏထက်ပင် ကျော်လွန်သည်အထိ ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် မူလရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး တို့ကိုလည်း လမ်းညွှန်မှာကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ် ပုံဖော်ထားရှိသည်ကို တွေ့မြင်ရကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်(၁၆) ကြိမ်မြောက် ပန်းပွဲတော် အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကန်တော်ကြီးအတွင်း ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သစ်ပင်ပန်းမန်များဖြင့် သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။