၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတက်ရောက်ချီးမြှင့်ပေးအပ်

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊  ကောင်စီဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ နှင့်ဇနီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေ ဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အမျိုးသားစာပေ ယဉ်ကျေးမှု အမွေ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့်ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေစွမ်းအား ကလောင်အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ”  မှတ်တမ်း Video Clip ကို ကြည့်ရှုအား ပေးကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဟေမန္တရတု”ဟု ခေါ်တွင်ခဲ့ကြသည့် ယခု နတ်တော်လ ရာသီသည် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် စာဆိုတော်များ ရေးဖွဲ့သီကုံးခဲ့သည့် စာပေ၏ အနှစ်သာရ၊ အဆီအနှစ်များကို ပြန်လည်လှစ်ဟဖော်ကျူး ဂုဏ်ပြုကြသည့် ကာလလည်းဖြစ်ပါကြောင်း၊ စာဆိုတော်များ၏ စေတနာကောင်းများမှ ဖြစ်ထွန်း ပေါ်ပေါက်လာသည့် စာပေအဖူးအပွင့်များသည် လေ့လာ၍ မကုန်နိုင်အောင် များပြား လွန်းလှပါကြောင်း၊ ယနေ့နိုင်ငံဖွံ့ဖြိုးမှု ရလဒ်များသည်စာပေကရသည့် အသိပညာ၊ အတတ်ပညာများက အများဆုံးရရှိခဲ့သော သက်သေများပင် ဖြစ်ပါကြောင်း၊ စာပေက ပေးစွမ်းသည့် သုတ၊ ရသ အဖုံဖုံတို့သည်လည်း အလွန်အဖိုး အနဂ္ဃထိုက်တန် ပါကြောင်း၊ ထို့ကြောင့် လူသားများအတွက် စာပေအသိအမြင်နှင့်  ပညာဗဟုသုတ များကို ပေးစွမ်းသည့်စာဆိုတော်ကြီးများ၏ ဂုဏ်ရည်ကိုဖော်ထုတ်ပြသ သည့်အနေဖြင့် နတ်တော်လရာသီတွင် စာဆိုတော်နေ့အခမ်းအနားများကို ကျင်းပကြခြင်းပင်ဖြစ် ပါကြောင်း။

စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စသည့် အနုပညာနယ်ပယ်များ ဖြာထွက်ရာ ပင်ရင်းနယ်ပယ်ကြီးဖြစ်သည့် အတွက် အမျိုးသား ယဉ်ကျေးမှုအစုစုတို့ ပုံရိပ်ထင်ရာအရင်းအမြစ်လည်း ဖြစ်ပါကြောင်း၊မြန်မာ့သမိုင်း၊ မြန်မာ့စိတ်ထားတို့ကို နိုင်ငံတကာသိအောင် ဖော်ပြနိုင်သည့် ဆက်သွယ်ရေးကြားခံ တစ်ခုလည်း ဖြစ်ပါကြောင်း။

မြန်မာစာပေလောကသည် ရှည်လျားသည့် မြန်မာ့သမိုင်းကြောင်း အဆက်ဆက် တွင် ထွန်းပြောင်ခိုင်မြဲခဲ့ပြီး နိုင်ငံနှင့်ပြည်သူကို အစဉ်ထာဝရ အကျိုးပြုလျက်ရှိပါ ကြောင်း၊ စာဆိုတော်တို့၏ကလောင်သွားများသည်မြန်မာနိုင်ငံသမိုင်းတွင် တိုင်းပြည်၏ စစ်မှန်သည့် ခွန်အားများဖြစ်ခဲ့ပါကြောင်း၊ စာဆိုတော်များသည် တိုင်းချစ်ပြည်ချစ်စိတ် ရှိစေရန်၊ ဇာတိသွေးဇာတိမာန် တက်ကြွလာစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးစေရန်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်ရန် စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့ကြပါကြောင်း။

ရဟန်းစာဆိုရှင်မဟာရဋ္ဌသာရ၏ အဆုံးအမပျို့ကဗျာတွင် “စာပေဝတ္ထု ရတုကဗျာ ပျို့လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းငြင်းကို၊ မကင်းမပြတ် ဖတ်ရွတ်လေ့ကျက် တီးမှုတ်လျက်သာ နေကောင်းစွာ၏” ဆိုသကဲ့သို့ ခေတ်အဆက် ဆက် စာဆိုတော်ကြီးများ၏ စာပေလက်ရာများသည် ဖတ်ရှုလေ့လာသူတို့အတွက် အမြဲအဖိုးတန်အကျိုးရှိနေသည့် အမွေအနှစ်များပင်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသား ပြည်သူများ နိုင်ငံတကာဗဟုသုတ တိုးပွားရန်အတွက် ဘာသာပြန်စာပေများ ထုတ်ဝေ ခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် "စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု" ကို စတင်ချီးမြှင့်ခဲ့ပါကြောင်း။

စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို ‘စာပေဗိမာန်ဆုအနုပညာဆိုင်ရာ စာပေဆုအမျိုးသားစာပေဆု’ စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုးပြောင်း လဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အထိဆိုပါက နှစ်ပေါင်း ၇၅ နှစ် စိန်ရတုကာလတိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဘာသာ ရပ်များကိုလည်း တိုးမြှင့်သတ်မှတ်ပြီး ချီးမြှင့်လာခဲ့သည်မှာ အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုးနှင့် ‘စာပေဗိမာန်စာမူဆု’ မှာဘသာရပ် ၁၃ မျိုး အထိ ဆုချီးမြှင့်ပေးလျက်ရှိပါကြောင်း။

ထို့ပြင်နိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင် ခဲ့ကြသည့် တစ်သက်တာလုံးစာပေကို တစ်စိုက်မတ်မတ် အားထုတ်ရေးသားပြုစု ခဲ့သည့် စာပေပညာရှင်ကြီးများကိုလည်း အသိအမှတ်ပြုသည့်အနေဖြင့် အမျိုးသား စာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်မှစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်လျက်ရှိပါ ကြောင်း၊ စာပေပညာရှင်များကို ချီးမြှင့်သည့်ဆုငွေများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမို တိုးတက်ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ အမှန်တကယ် ထိုက်တန်သောစာအုပ်၊ စာမူများ ကို ရွေးချယ်ချီးမြှင့်နိုင်ရေးအတွက် ပဏာမရွေးချယ်မှုအဆင့်၊ ဆန်ခါတင်ရွေးချယ်မှု အဆင့်၊ အတည်ပြုရွေးချယ်မှုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ပညာရှင်များက စိစစ် ရွေးချယ်ခဲ့သည်ကို တွေ့ရပါကြောင်း။

၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၇၅၄ အုပ်ထဲ မှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာ ရပ် ၁၁ မျိုးကို စိစစ်ရွေးချယ်ခဲ့နိုင်ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၇၇ ခုထဲမှ ဘာသာရပ် ၁၃ မျိုးစလုံးအတွက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၉ ခုကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ် များကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်တို့ ပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကိုထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်ဖြင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး အတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများ နားလည်လွယ်အောင် ရေးသားထားသည့် သုတစာပေ များကို စာပေအဆင့်အတန်းမီစွာ ရေးသားထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ ဆုရရှိကြသူများထဲတွင် နိုင်ငံသိစာရေးဆရာကြီးများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော်သားများ၊ အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသကဲ့သို့ ဝါသနာကိုအရင်းတည်ပြီး မွေ့လျော်ရာစာပေနယ်ကို တိုးဝင်ရန် ကြိုးပမ်းလာကြသည့် စာပေဝါသနာရှင်များ ပါဝင်ကြသည်ကို တွေ့ရသည့်အတွက် လွန်စွာကျေနပ်အားရ မိပါကြောင်း။

အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်းစာပေ ပညာရှင်ကြီး များ ကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် အရေအတွက်တိုး၍ ချီးမြှင့်လာခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီးလေးဦးအထိ ချီးမြှင့် သွားမည်ဖြစ်ပြီး အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခံရသည့် ဆရာ၊ ဆရာမကြီး တို့အားလုံးသည် ပညာဂုဏ်ရည်၊ စာပေဂုဏ်ရည်များပြည့်ဝကြသည့် ပညာရှင်ကြီးများ ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာသန်းဦး ဆိုပါက မြန်မာနိုင်ငံပညာရေးလောက၏ ဦးသျှောင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံပညာရေးလောက ဖွံ့ဖြိုးရေးလုပ်ငန်း များကို ယခုအသက် ၉၆ နှစ်တိုင် ဘဝတစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်နေဆဲ ပညာရှင်ကြီးဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာချစ်စံ ဆိုပါကလည်း မြန်မာ စာပေဖွံ့ဖြိုးရေးနှင့် စာပေသုတေသန လုပ်ငန်းများကို အစဉ်တစိုက် ရေးသားပြုစု ဟောပြောပေးခဲ့သည့် စာပေပညာရှင်ကြီးဖြစ်ပါကြောင်း၊ ဆရာမကြီး ဒေါ်ကြူကြူသင်း ဆိုပါကလည်း ရသစာပေကိုတစိုက်မတ်မတ်ရေးသားပြုစုခဲ့ပြီး မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် စာရေးဆရာမကြီး ဖြစ်ပါ ကြောင်း၊ ဆရာကြီး ဒေါက်တာထွန်းတင့် ဆိုပါကလည်း မြန်မာစာ၊ မြန်မာဘာသာ စကား နယ်ပယ် ဖွံ့ဖြိုးတည်တံ့အောင် အစဉ်အဆက်ရေးသားပြုစုဖြန့်ဝေပေးခဲ့သည့် ပညာရှင် ကြီးဖြစ်ပါကြောင်း၊ အဆိုပါ ပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့် အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်း သား ပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည် ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားများ၏ ပညာနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မား ရန် အထူးအရေးကြီးလှပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ လူဦးရေအများဆုံး နေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေးအားနည်းခဲ့ပါကြောင်း၊ ပညာရေး အားနည်းချက်နှင့်အတူ တွေးခေါ်မြော်မြင်မှုတွင် လိုအပ်ချက်များရှိခဲ့ပါကြောင်း၊ အဆိုပါလိုအပ်ချက် များကိုပြုပြင်ရန် ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက် ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ တွေးခေါ်မြော်မြင်မှုများ တိုးတက်အောင် လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံဒေသအနှံ့ အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိရန်၊ စာပေကို ဖတ်ရှုလေ့လာကြရန် တက်ရောက်လာကြသည့် စာပေပညာရှင်များနှင့် မြန်မာစာပေနယ်မှ စာပေရေးသား ပြုစုသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများ၊ စာကြည့်တိုက်များနှင့် စေတနာရှင်များက ဝိုင်းဝန်းကူညီကြရန် အထူးပင်မေတ္တာရပ်ခံလိုပါကြောင်း။

စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများ ဖြစ်ပြီး စာပေမြင့်မှလူမျိုးတင့်မည် ပင်ဖြစ်ပါကြောင်း၊ စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ “ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်း လိုက်နာပြီး ဒီယဉ်ကျေးမှုမပျောက် ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက် ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း။

ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ စာပေဆုများ အောင်မြင်စွာချီးမြှင့်နိုင်အောင် စာပေစေတနာ အပြည့်အဝနှင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပညာရှင်များအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် အမျိုးဘာသာ၊ သာသနာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြပြီး နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် စာကောင်းပေမွန်များ ဆက်လက်ရေးသားဖွဲ့ဆို နိုင်ကြပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ၂၀၂၂ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေ ပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)၊ စာပေ ပညာရှင်ဆရာကြီး ဒေါက်တာ ချစ်စံ(ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ သန်းဦး (ပြည်စိုးမင်း)ကိုယ်စား သန်းဦးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအေးကြိုင် တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာ ပေဆုရရှိသူများနှင့် စာပေဗိမာန် စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာထွန်းတင့် (မြန်မာစာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမျိုးသားစာပေတစ်သက် တာဆုရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)က ပေးပို့သည့် ကျေးဇူးတင်လွှာ အား အခမ်းအနားမှူးက ဖတ်ကြားတင်ပြသည်။

၎င်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက စာပေဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့သည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

နေလယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။