ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ   မိဘပြည်သူညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျာ

ယနေ့ကျရောက်သော (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ရခိုင်ပြည်နယ်နေ့သည် ရခိုင်တိုင်းရင်းသားတို့အတွက် ထူးခြား လေးနက်သော   ဝိသေသများနှင့် ပြည့်စုံပြီး ဂုဏ်ယူဖွယ်ရာ မင်္ဂလာရှိသောနေ့ ဖြစ်ပါသည်။

၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဇင်ဘာလ(၁၅)ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။  ရခိုင်တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ရာ (၄၉)နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် ပထဝီဝင် အနေအထားအရ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ်လျက်ရှိပြီး   သဘာဝသယံဇာတများ ပေါကြွယ်ဝခြင်း၊  အဖိုးတန်ထွက်ကုန်များ ထုတ်လုပ်နိုင်ခြင်းတို့အပြင် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့် စိမ်းလန်းသာယာသည့် ပတ်ဝန်းကျင်ရှုခင်းများဖြင့် သာယာလှပသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသာသနာတော်ထွန်းကားပြန့်ပွားရာဒေသဖြစ်ပြီး  သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဆိုသည့် စကားအတိုင်း ရှေးဟောင်းစေတီပုထိုးများနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ ပေါကြွယ်ဝသောပြည်နယ်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရေးပေါ်ကာလဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာဝန်ယူသည့်အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကိုအဆင့်ဆင့်ချမှတ်ခဲ့ရာ လက်ရှိတွင်လည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါသည်။ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော  ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် တစ်သားတည်း ရှိပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပင်လယ်ပြင်တွင် မုန်တိုင်းအစပျိုးဖြစ်စဉ်စတင်ကတည်းကပင် လိုအပ်သည့် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ခဲ့ကာ  ရေးဆွဲထားပြီးဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်ပါအတိုင်း မုန်တိုင်း ဖြတ်သန်းရာ ဒေသများ၌ ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ပါသည်။

ဒေသခံပြည်သူများအတွက် ဆန်ရိက္ခာများ ကြိုတင်စုဆောင်းထားပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရန်  အသင့်ပြင်ဆင်ထားခြင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက် သတိပေးခြင်းနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့် ပြည်သူများကို ဘေးလွတ်ရာနေရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ခြင်းစသည်တို့ကို စနစ်တကျကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက လေတိုက်နှုန်း ပိုမိုပြင်းထန်သော်လည်း သေဆုံးမှု၊ ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ လျော့နည်းခဲ့ပါသည်။ မုန်တိုင်းတိုက်ခတ်ပြီး ချိန်မှစ၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ တပ်မတော်နှင့်သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ၏ လှူဒါန်းမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မိမိတို့ရည်မှန်းထားသည့်အတိုင်း ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်သို့ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤသည်မှာ ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသတိုင်းရင်းသား ပြည်သူများအပေါ် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စုစိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် မိုခါမုန်တိုင်းအပြီးတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၈)မြို့နယ်သို့ မျိုးစပါးတင်းရေ (၇၃၀၀၀)ကျော်ကို စိုက်ပျိုးရာသီ အမီ ပို့ဆောင်ပေးနိုင်ခဲ့သောကြောင့် ယခုနှစ်တွင် မိုခါမုန်တိုင်းသဘာ၀ ဘေးဒဏ်ခံခဲ့ရသော်လည်း မိုးစပါးစိုက်ဧက လျာထားချက်ထက် ဧက(၃၀၀၀)ကျော် ပိုမိုတိုးတက် စိုက်ပျိုးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မွေးမြူရေးထုတ်ကုန်များကိုလည်း ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး ငါး၊ပုစွန်နှင့်ရေထွက်ကုန်ပစ္စည်းများကို အောင်မြင်အောင်ထုတ်လုပ်ဆောင်ရွက်နိုင်ပါက ပြည်တွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝထွက်ကုန်များဖြစ်သော သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို  မြှင့်တင်အားပေးပြီး   ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုပါသည်။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက KG+9 အထိ မသင်မနေရပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ တတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်လာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါက ရခိုင်ပြည်နယ်သည် ဘက်စုံကဏ္ဍမှဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ

ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌  အခက်အခဲများစွာ ရှိခဲ့သဖြင့်  တပ်မတော်အစိုးရလက်ထက်မှ  ယခုအချိန်အထိ  ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပ စွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက် နှောင့်ယှက်ဖျက်ဆီးမှုများ  ပဋိပက္ခများ၏ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြရပါသည်။

တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည်သာဖြစ်ပြီး တစ်ဦးချင်းအခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများကြုံတွေ့နေမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားရေးခံယူချက်အဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိပစ္စုပ္ပန်နှင့်နောင်အနာဂတ်အတွက် နိုင်ငံရေးရည်မှန်းချက်များနှင့် အမျိုးသားရေးရည်မှန်းချက်များကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူများလိုလားတောင့်တသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ လျှောက်လှမ်းရာခရီးတွင် ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး အေးအတူ၊ ပူအမျှအတူတကွ ယှဉ်တွဲနေထိုင်ကြရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့်သာ တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်း သာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်း တို့ခင်ဗျာ

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့် တိုင်းရင်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိပါသည်။ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲမှုတို့သည် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်ဖြစ်ပါသည်။

ရခိုင်ပြည်သူပြည်သားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်သူ၊ ပြည်နယ်သားများ၏အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

                    ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

                   သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

                   နိုင်ငံတော်ဝန်ကြီးချုပ်

                   ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ