ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီး၌ တစ်လသားကလေးငယ်၏ ဦးခေါင်းမှ ပန်းသီးလုံး ပမာဏပြည်လုံးကြီးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်

 

ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီး၌ တစ်လသားကလေးငယ်၏ ဦးခေါင်းမှ ပန်းသီးလုံး ပမာဏပြည်လုံးကြီးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်

 

ရန်ကုန်  ဒီဇင်ဘာ  ၁၄

    တစ်လသားကလေးငယ်ကို ခေါင်းတုံးတုံးပေးရာမှ အရေပြားထိခိုက်မှုကြောင့် ဦးခေါင်းတွင် ပန်းသီးလုံးကြီး ပမာဏပြည်လုံးကြီး ဖြစ်ပေါ်ခဲ့ရာ ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁၃ ရက်က အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းယင်းဆေးရုံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ကလေးရွာဘက်တွင် မွေးဖွားသော တစ်လအရွယ်ခန့် ကလေးငယ်အား  ဆံပင်မသန်မည်စိုး၍ ခေါင်းတုံးတုံးပေးရာ အရေပြားထိခိုက်မှုဖြစ်၍ သွေးစသွေးနများ ထွက်လာသဖြင့် သွေးတိတ်ရန် နနွင်းမှုန့်နှင့် ဆေးဖက်ဝင်သည့် အရွက်များကို   ပါးစပ်နှင့်ဝါးကာ ဒဏ်ရာကိုအုံပေးထားရာမှ ပြည်တည်ခြင်း အစပြုခဲ့ကြောင်း  ဆေးရုံမှသိရသည်။

ထို့နောက် ကလေးငယ်မှာ ဒဏ်ရာပိုဆိုးလာပြီး ဦးခေါင်းတွင် ပြည်တည်နာဖြစ်ကာ နို့ပင်မစို့နိုင်သည့်အပြင် ငိုရာအသံပင်မထွက်တော့သည့် အခြေအနေဖြစ်လာခဲ့ကြောင်းရောဂါအခြေအနေကို ဆေးရုံက ထုတ်ပြန်ထားသည်။

ကလေးကို မွေးဆံပင်နှင့် မထားကောင်း၍ ဆံပင်ရိတ်ပစ်ရမည်၊ ကလေးငယ်ဆံပင်ပါးနေ၍ ခေါင်းရိတ်ပေးရမည်ဟူသော အယူအဆသည် မမှန်ကန်ကြောင်း၊ ကလေးကို မဖြစ်မနေ မွေးဆံပင်ရိတ်ပေးရမည်ဆိုသည့် အယူအဆက အများလက်ခံထားသည့် အယူအဆတစ်ရပ်သာဖြစ်ပြီး ကျန်းမာရေးအတွက် လိုအပ်သည့်အချက် တစ်ခုမဟုတ်ကြောင်းလည်း ဆေးရုံက အသိပေးထားသည်။

ကလေးငယ်များတွင် ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန်ကို ဦးခေါင်းကနေတစ်ဆင့် ထိန်းချုပ်ခြင်းကြောင့် မွေးဆံပင်ရိတ်ချိန်တွင် ကလေးငယ်အနေဖြင့် အအေးမိ၊ နှာစေး၊ နှာပိတ်သည့်လက္ခဏာများ အလွယ်တကူခံစားရနိုင်ကြောင်း ယင်းဆေးရုံကအသိပေးသည်။

ဇက်မခိုင်သေးသောကလေးကို ဆံပင်ရိတ်ခြင်းသည် ထိခိုက်နိုင်ခြေများကြောင်း၊ ကလေးကို မဖြစ်မနေ ဆံပင်ရိတ်မည်ဆိုပါက ကလေးမတ်မတ်ထိုင်သည့်အရွယ်ရောက်မှရိတ်သင့်ကြောင်း အကြံပြုထားသည်။