နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

          အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

         ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က  အမှာစကားပြောကြားရာတွင် ယခင်က တပ်မတော်ပိုင်လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ၁၃ ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၁၄ ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေယာဉ်များ ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

          ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အားပြုပြီး ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ၏ စိတ်ဓာတ်နှင့်တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေရန်အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်းအရေးသာမှုများကို အဓိကထား ဆောင်ရွက်လာကြကြောင်း၊  မြင့်မားသော လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော် ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့်နေရမည်ပင်ဖြစ်ကြောင်း။

          စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့သည် စစ်ပွဲ၏အနိုင်အရှုံးကို အဓိက အဆုံးအဖြတ်ပေးသည့်အတွက် တပ်မတော်(လေ)အနေဖြင့် နည်းပညာ တိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက်ပစ္စည်းများကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေးကို အလေးအနက်ထား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရာတွင် ကျွမ်းကျင်ပြီး အရည်အချင်း/ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပေးရေးသည် အလွန်ပင်အရေးကြီးကြောင်း၊ လေယာဉ်များကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်သည့် လေသူရဲများသည် လေယာဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်သကဲ့သို့ လေယာဉ်တွင် တပ်ဆင်ထားသည့် စစ်လက်နက်ပစ္စည်းများကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်စေရန် အမြဲတမ်းလေ့ကျင့်နေရန်လိုကြောင်း၊ တပ်မတော်(လေ)မှ စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါ၊ မိုးလေဝသစသည့် လေကြောင်းဆိုင်ရာ လုပ်ငန်း နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ/ စစ်သည်များ အားလုံးအနေဖြင့် မိမိတို့ကိုင်တွယ်အသုံးပြုနေသည့် စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့်အတူ လိုက်လျောညီထွေ ပြောင်းလဲလာသော စစ်မဟာဗျူဟာ၊       စစ်နည်းဗျူဟာများကို "လေ့လာ၊ လေ့ကျင့်၊ လိုက်နာ" ဆိုသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

          တပ်မတော်(လေ)အနေဖြင့် သမိုင်းကြောင်းတစ်လျှောက် ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့်လေကြောင်းရန်ကာကွယ်ရေးတာဝန်များသာမက ပြည်တွင်းသောင်းကျန်း မှုနှိမ်နင်းရေးစစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ပကျူးကျော်မှု၊ ပြည်တွင်း သောင်းကျန်းမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုနှင့်အတူ လက်တွဲပြီး စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း။

          မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲမသမာမှုများ ကျူးလွန်ခဲ့ပြီး ဥပဒေကို အလွဲသုံး စားလုပ်ကာ နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းလုပ်ဆောင်လာခြင်းကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို မဖြစ်မနေ ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း။ တရားမဝင် NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်များ ကျူးလွန်ခဲ့ကြသည့် လုပ်ရပ်များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အကြမ်းဖက်မှုပုံစံများနှင့် ထပ်တူညီနေသည်ကိုလည်း တွေ့ရှိရကြောင်း။

          ထို့ကြေင့် နယ်မြေဒေသများတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူနေမှုဘဝ အေးချမ်းစွာရှိနေရန်အတွက် တပ်မတော်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသောစစ်ပွဲများဆင်နွှဲလျက် ချေမှုန်းနှိမ်နင်းရာတွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း၊ အရှေ့မြောက် ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ် နယ်မြေများ၌ ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်ရေးများတွင် လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော်(လေ)တွင် ရှိသည့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းအားပြည့် အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ထိုအတွက်လည်း တိုက်ပွဲဝင်စစ်သည်များအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း ထိုသို့မြင့်မြတ်သည့် အစဉ်အလာကောင်းများကို လေးစားတန်ဖိုးထားပြီး လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်းကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်း။

          တပ်မတော်(လေ)အနေဖြင့် ဖြတ်သန်းလာသည့် (၇၆)နှစ်တာ ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရှာဖွေ ကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစသည့် ကဏ္ဍအသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်(လေ) အနေဖြင့် သမားရိုးကျစစ်ဆင်ရေးများ၊ သမားရိုးကျမဟုတ်သည့် စစ်ဆင်ရေးများနှင့် ပြည်သူ့အကျိုးပြု စစ်ဆင်ရေးများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ) တို့နှင့်အတူ လက်တွဲလျက် ပြည်သူလူထုအတွက် ကျရာအခန်းကဏ္ဍမှ ပေးအပ်သည့် တာဝန်များကို အားကြိုးမာန်တက် ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

          တပ်မတော်(လေ)အနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း နိုင်ငံအသီးသီး၏ လေကြောင်းစွမ်းအား တိုးတက်တည်ဆောက်နေမှုကိုလည်း အချိန်နှင့်အမျှ လေ့လာ သုံးသပ်ရင်းထိရောက်သော လေကြောင်းစွမ်းအားနှင့် လေကြောင်းအာကာသ စွမ်းအားကို ပိုင်ဆိုင်သည့် ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သော တပ်မတော်(လေ)ဖြစ်အောင်  အမြဲတမ်းတွေးတောကြံဆကာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာမက စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကဏ္ဍနှစ်ရပ်လုံးကို အားသွန်ခွန်စိုက် တိုးမြှင့် တည်ဆောက်ရန်လိုအပ်ကြောင်း၊ တပ်မတော်(လေ) အနေဖြင့် ခေတ်သစ်စစ်ပွဲများအတွင်း နည်းပညာနှင့်လူ့စွမ်းအား အရင်းအမြစ်တို့၏ အခန်းကဏ္ဍသည် ပဋိပက္ခများ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်သည်ဟု ခိုင်ခိုင်မာမာယုံကြည်ထားသကဲ့သို့ ယခင် အတိတ်ကာလ အတွေ့အကြုံများမှ သင်ခန်းစာရယူပြီး အနာဂတ်ကာလအတွက် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေသွားရမည် ဖြစ်ကြောင်း။

          ယနေ့တပ်တော်ဝင်မည့် Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုး ဆက်လွန် တိုက်လေယာဉ်များဖြစ်သည့်အတွက် ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်(လေ)၏ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ် တစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

          တပ်မတော်(လေ) အနေဖြင့် သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သကဲ့သို့ ဒို့တာဝန်အရေးသုံးပါးကို အစဉ် ဦးထိပ်ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရန်၊ ယနေ့ တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်များကို စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ” ဆိုသည့်အတိုင်း စည်းကမ်းစနစ်တကျ မြတ်နိုးစွာကိုင်တွယ်ပျံသန်းပြီး တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်၊ တပ်တွင်းစည်းလုံးညီညွတ်ရေး၊ တပ်ပြင်စည်းရုံးရေးတို့ကို အမြဲခိုင်မာအောင် တည်ဆောက်သွားပြီး တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ကာ ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ် ပုံစံငယ်ကို  ဂါရဝပြု ပေးအပ်သည်။

          ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၁ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်သည်။

         ထိုသို့စွမ်းရည်ပြသရာတွင် Tail Slide ဟုခေါ်သော ဒေါင်လိုက်ပျံတက်ပြီး အမြန်နှုန်း Zero သို့လျှော့ချကာ အောက်သို့ ဒေါင်လိုက် ပြန်လည်လျှောကျသည့် ပျံသန်းမှုပုံစံအား သရုပ်ပြခြင်း နှင့် Multiple Roll ဟုခေါ်သည့် မိမိလေယာဉ်နောက်မှ ထပ်ချပ်မကွာ လိုက်လာသည့် လေယာဉ်ကို လှည့်စားသည့်အနေဖြင့် ဘယ် သို့မဟုတ် ညာ သို့ Multiple Roll ပြုလုပ်ကာ စစ်ကစားပျံသန်းမှုပုံစံ တို့ကို သရုပ်ပြပျံသန်းသည်။

         ထို့နောက် Oblique Loop ဟု ခေါ်သည့် လေယာဉ်အား ဘယ် သို့မဟုတ် ညာ ဘက်သို့ စောင်း၍ ဒေါင်လိုက်အပေါ်သို့ ဆွဲတင်ကာ စက်ဝိုင်းပုံစံသရုပ်ပြ ပျံသန်းခြင်း၊ အမြန်နှုန်း 100 Km/hr ခန့်နှင့်ပျံသန်းသော Slow Flight ဖြင့် အလေးပြုပျံသန်းခြင်း နှင့် Flat Spin ဟုခေါ်သည့် ရေပြင်ညီအပြားလိုက် လည်ကျသော ပျံသန်းမှုပုံစံအား သရုပ်ပြသသည်။ Flat Spin Maneuver သည် သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သော ပျံသန်းမှု အမျိုးအစားဖြစ်ပြီး Su-30 SME တိုက်လေယာဉ်တွင်မူ လေယာဉ်၏ အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် ပျံသန်းမှုထိန်းသိမ်းသည့်စနစ်များကို အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် Flat Spin Maneuver ကို ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

           ဆက်လက်၍ Su-30 တိုက်လေယာဉ်သည် Maximum Banking Turn ဟု ခေါ်သည့် Radius of Turn အကျဉ်းဆုံးဖြင့် ကွေ့ပျံသန်းခြင်းကို သရုပ်ပြပျံသန်းပြီး လေယာဉ်ပြေးလမ်း၏ တောင်ဘက်မှတဆင့် ကွင်းအတွင်းသို့ ပြန်လည် ဆင်းသက်သည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ၎င်းနောက် တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်ရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။