၁၅-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီနေမှုများအပေါ် အနောက်အုပ်စုအားကိုးမီဒီယာများနှင့် အနောက်အုပ်စုအားကိုးအဖွဲ့များ၏ ဝေဖန်ချက်အမျိုးမျိုးဖြင့် ထုတ်လွှင့်ပြောဆိုနေမှုများ။ ၁၅-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ။ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ကျွန်တော်ယခင်နေ့က ပြောထားတဲ့အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဖြစ်နေတဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီမှုရှိခဲ့ပါတယ်။ ဒီကူညီမှုနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဆောင်ရွက်ခဲ့တယ်၊  သဘောတူခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလိုထုတ်ဖော်ပြော ကြားပြီးနောက်ပိုင်းမှာတော့ ထုံးစံအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို မလိုလားတဲ့ အနောက်အုပ်စုမီဒီယာများနဲ့ အနောက်အုပ်စုအားကိုးအဖွဲ့များရဲ့ ဝေဖန်ချက်တွေ၊ အင်တာဗျူးတွေ မြိုင်မြိုင် ဆိုင်ဆိုင်ထွက်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့တွေက ကျွန်တော် ပြောခဲ့တဲ့အတိုင်းပါဘဲ။ သူတို့အနေနဲ့ကတော့ ဘယ်တော့မှ မြန်မာနိုင်ငံ ငြိမ်းချမ်းမှာကို လိုလားမှာ မဟုတ်ပါဘူး။ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းမှာကို လိုလားမှာ မဟုတ်ပါဘူး။ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဘယ်တော့မှ လိုလားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ချက်အမျိုးမျိုးနဲ့ ထုတ်လွှင့်နေတာမျိုးကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံ အပေါ်မှာကော တရုတ်နိုင်ငံအပေါ်မှာကော ဝေဖန်မှု ပြင်းပြင်းထန်ထန် လုပ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် မြန်မာ့ကောင်းကျိုး၊ မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို လိုလားတဲ့ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံး ပြန်လည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ်မှာဘဲ မူတည်ပြီး ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မည်သို့သော တိုက်ခိုက်မှုတွေရှိပါစေ၊ မည်သို့သော ဝေဖန်မှု တွေရှိပါစေ အဓိက ကတော့ ကျွန်တော်တို့ပြည်သူ ပြည်သားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ဘဲ အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းစွာ နေထိုင်နိုင်ဖို့ဘဲ အရေးကြီးပါတယ်။ တိုက်ပွဲတို့၊ စစ်ပွဲတို့ဆိုတဲ့ ပဋိပက္ခတွေကို အဲဒီဒေသမှာနေတဲ့ တိုင်းရင်းသားပြည်သူ၊ အဲဒီဒေသမှာနေတဲ့ သူတွေကိုပြီး အနိဌာရုံခံစားရတာဖြစ်ပါတယ်။ ပြည်ပကနေ အော်နေတဲ့ အနောက်နိုင်ငံအားကိုးပြီး ပြည်ပမှာ ထွက်ပြေးနေတဲ့သူများကတော့ အရိပ်ထဲကနေ အော်နေတာဘဲ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ ခံစားနေရတာက ကျွန်တော် တို့ပြည်သူတွေဘဲဖြစ်ပါတယ်။

          ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရှမ်းပြည်နယ်(မြောက်)ပိုင်း နမ့်ဆန်ဒေသမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဘက်မှာတော့ ထီးချိုင့်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ထီးချိုင့်ဘက်မှာ သူတို့အခြေပြုပြီးတော့  ထီးချိုင့်မြို့ကို အမြဲတမ်း တိုက်ခိုက်နေတဲ့ ရန်သူ့ အခြေပြုနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဆက်လက်ပြီးဆောင်ရွက်ရမည့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆက်လက်ဆောင်ရွက် တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ၊ ငြိမ်းချမ်းရေးရဲ့ အကျိုးရလာဒ်၊ ငြိမ်းချမ်းရေးနဲ့အတူ ပါလာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူ အားလုံးကို ခံစားနိုင်အောင် ဦးတည် ပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။