ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ 

 

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ 

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ရက်

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ      ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုး နှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်း တို့အား ALPHARD မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီး လမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချို အား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီအချိန် ဇော်မင်းထွေး(ခ)သန်းဝင်း နှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှ တို့အား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်း အား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သား အဆင့်ရှိ ကျော်လင်းဆန်း နှင့် တပ်သားအဆင့်ရှိ ဦးထွန်းနု တို့ ၆ ဦးအား ပြည်ပသို့ ပင်လယ် ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘော ၁ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ် ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး(ခ)သားသား(ခ)ဝေသာထွန်း ၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။