တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁၈

တပ်မတော်ဆေးတက္ကသိုလ်၏(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ် ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး၊ တပ်မတော်ဆေး တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ်ခေတ္တကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမရှိ သတ်မှတ်နေရာများတွင် နေရာယူပြီး နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ် သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းကဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရရှိသူတို့အား ဘွဲ့လက်မှတ်များချီးမြှင့်ပြီး ဘွဲ့များနှင့်လျော်ညီ သောအဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများ ကိုဝတ်ဆင်ခွင့်ပြုကာ ဘွဲ့နှင်းသဘင်မှတ် တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ခေတ္တကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကာ ခေတ္တကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာကြသည်။

အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများရရှိသည့် ပညာရည်ထူးချွန်ဆုအဆင့်များ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေး ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေး တက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ် ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားသောတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။