နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းမည့် သမားဇာနည်အောင်စစ်သည်တို့၏ စကားသံများ
တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် တပ်မတော်ဆေး တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ တပ်မတော်သား ဆေးဘက်ဆိုင်ရာ အရာရှိများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် အမှတ်စဉ်(၂၄) တိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ဒီဇင်ဘာလ ၁၈ ရက်တွင်ကျင်းပရာ အဆိုပါသင်တန်းဆင်းပွဲ၌ သင်တန်းနည်းပြ အရာရှိကြီးများနှင့် နိုင်ငံတော် နှင့် တပ်မတော်အတွက် အားသစ်လောင်းမည့် သမားဇာနည်အောင်စစ်သည် တို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးချုပ် ခင်အောင်ထွန်း ၊ ပါမောက္ခချုပ်
တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က စတင်ဖွင့် လှစ်ခဲ့တာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာ လ ၁၉ ရက်က ၃၁ နှစ်ပြည့်ခဲ့ပါပြီ။
တပ်မတော်ဆေးတက္ကသိုလ်ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်”ဖြစ်ပါတယ်။
တပ်မတော်ဆေးတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနိုင်ဖို့အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေကို ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်လျှောက်ထားဖို့ နှစ်စဉ် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကနေ ကြေညာပြီး ခေါ်ယူနေပါတယ်။ ၂၀၂၃ လေ့ကျင့် ရေးနှစ်ကစပြီးတော့ အမျိုးသားဗိုလ်လောင်း တွေကိုသာမက အမျိုးသမီးဗိုလ်လောင်း တွေကိုလည်း စတင်ခေါ်ယူပြီး လေ့ကျင့် သင်ကြားပေးနေပါတယ်။
တပ်မတော်ဆေးတက္ကသိုလ်မှာ ဘွဲ့ကြို သင်တန်းတွေသာမက ဘွဲ့လွန်သင်တန်း တွေကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးနေပါတယ်။ လက်ရှိ ဆေးလက် တွေ့နဲ့ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ သင်တန်းဘာသာရပ် ၃၆ ခု၊ ဆေးပညာ မဟာသိပ္ပံသင်တန်း ဘာသာရပ် ၂၃ ခု၊ သွားဘက်ဆိုင်ရာ ဆေးပညာမဟာသိပ္ပံ သင်တန်းဘာသာရပ် ငါးခု၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်း တစ်ခုနဲ့ ဆေးပညာဒီပလိုမာသင်တန်း ဘာသာရပ်လေးခုတို့ကို ဖွင့်လှစ်သင်ကြား ပေးနေပါတယ်။
၁၉၉၂ ခုနှစ် တပ်မတော်ဆေးတက္ကသိုလ် စတင်ဖွင့်လှစ်စဉ်ကတည်းက အရပ်ဘက် ဆေးတက္ကသိုလ်တွေမှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကို နမူနာယူပြီး တပ်မတော်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရေးသား အသုံးပြုခဲ့ပါတယ်။
သင်တန်းကာလကလည်း အရပ်ဘက်ဆေး တက္ကသိုလ်တွေနည်းတူပဲ ဖြစ်ပါတယ်။ ခေတ်၊ စနစ်တွေနဲ့အညီ ပြောင်းလဲတိုး တက်လာတဲ့ ပညာရေးဆိုင်ရာ အယူအဆ တွေနဲ့ သီအိုရီတွေအရ သင်ကြားရေးစနစ် ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အတွက် ၂၀၁၇ ခုနှစ်မှာ သင်ရိုးညွှန်း တမ်းအသစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ ဆေး ပညာအခြေခံနှစ်၊ ပထမနှစ်မှ ပÍ္စမနှစ်၊ အလုပ်သင်ဆရာဝန်တစ်နှစ် စုစုပေါင်း ခုနစ်နှစ်ကြာမြင့်ပါတယ်။
ဆေးပညာ၊ စစ်ပညာ၊ အုပ်ချုပ်မှု အတတ်ပညာအသီးသီးကို ကောင်းစွာ အောင်မြင်ပေါက်မြောက်ကြပြီးတော့ ဆေး ပညာဘွဲ့နဲ့ သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့အသီးသီးကို အပ်နှင်းခြင်းခံကြရတဲ့ တပည့်ဆရာဝန်တွေအတွက် တပ်မတော် ဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အနေနဲ့ ဝမ်းသာဂုဏ်ယူပါတယ်။
တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ ဘွဲ့ရအရာရှိတွေက တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ကိုသာမက နိုင်ငံတော်တစ်ရပ်လုံးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုကို နေရာမရွေး၊ အချိန် အခါမရွေး၊ ရာထူးအဆင့်အတန်းမရွေး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာလည်း ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ ကျန်းမာ၊ ကြံ့ခိုင်၊ တိုက် နိုင်ရန်ဆိုတဲ့ ဒို့တာဝန်၊ စေတနာ၊ အကြင် နာ၊ ဘေးကင်းကွာဆိုတဲ့ လမ်းစဉ်တွေ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
တပ်မတော်အရာရှိကောင်း၊ ဆရာဝန် ကောင်းတို့ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကို အတိအကျ လိုက်နာစောင့်ထိန်းပြီး ပြည်သူလူထုနဲ့ တပ်မတော်သားတွေရဲ့ ယုံကြည်အားကိုးမှုကို ခံယူထိုက်တဲ့ အရာရှိတွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဒုတိယဗိုလ်မှူးကြီး စိုးသီဟ ၊ ဗိုလ်လောင်းတပ်ရင်းမှူး
ဗိုလ်လောင်းတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ သန်မာမှုရှိစေဖို့အတွက် အဓိကလိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို တွက်ချက်ပြီး ဗိုလ်လောင်းစားရိပ်သာကနေ လအလိုက် Menu ရေးဆွဲပြီး ဗိုလ်လောင်းများရရှိတဲ့ ရိက္ခာအမယ်နှုန်းထားများအတိုင်း ပြည့်ပြည့်၀၀နဲ့ အာဟာရပြည့်ဝစွာ စား သောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပါတယ်။ ဝတ်စားဆင်ယင်မှု အနေနဲ့ ဗိုလ်လောင်း ကာလ စတင်ဝင်ရောက်ချိန်မှာ စစ်သည်ဆောင်ပစ္စည်း(ထောက်-၂၅)များ ပြည့်ပြည့် စုံစုံရရှိရေး၊ နှစ်စဉ်သက်တမ်းစေ့ပစ္စည်းများ အသစ်၊ အဟောင်းလဲလှယ် ရရှိရေး၊ တပ်ပြင်ထွက်ဝတ်စုံ၊ ဆောင်းရာသီဝတ်စုံ၊ ကျောင်းဆင်းပွဲ စစ်ရေးပြဝတ်စုံများရရှိရေး တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဗိုလ်လောင်းများ နေထိုင်ရေးအတွက် ဗိုလ်လောင်းအိပ်ဆောင် လေးထပ်ဆောင် မှာ ပထမနှစ်ဗိုလ်လောင်းတွေကို ဟောခန်း၊ ဒုတိယနှစ်ကနေ အလုပ်သင်နှစ်အထိ ဗိုလ်လောင်းတွေကို လေးယောက်တစ်ခန်း၊ သုံးယောက်တစ်ခန်း၊ နှစ်ယောက်တစ်ခန်း၊ တစ်ယောက်တစ်ခန်း စတဲ့နေထိုင်ရေးနဲ့ ရေ၊ မီးမပြတ် ရရှိစေရေး စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ကျန်းမာရေးစောင့် ရှောက်ပေးမှုအနေနဲ့ ဗိုလ်လောင်းတပ်ရင်းမှာ ဗိုလ်လောင်းဆေးခန်းကို ကျောင်းတွင်း ဌာနများက ပါရဂူ၊ ဆေးမှူးတွေ အလှည့် ကျတာဝန်ချထားပြီး ဖွင့်လှစ်ထားရှိပါ တယ်။ လိုအပ်ရင် နီးစပ်ရာဆေးရုံကြီးတွေကို ပို့ဆောင်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားပါတယ်။
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် အလိုက် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်အောင် နံနက်/ ညနေပိုင်းတွေမှာ ကြံ့ခိုင်ရေးသင်ခန်းစာများ ဆောင်ရွက်ခြင်း၊ လစဉ်ကြံ့ခိုင်ရေး ဆန်းစစ်ရှစ်မျိုးဆောင်ရွက်ခြင်း၊ပြင်ပ နည်းပြတွေနဲ့ ရေကူးအားကစားနည်း သင်ခန်းစာ၊ လက်ဝှေ့အားကစားနည်း သင်ခန်းစာများ စနစ်တကျ သင်ကြား လေ့ကျင့်ပေးခြင်းတို့ ဆောင်ရွက်ပေးပါ တယ်။ ဒါ့ပြင် မြန်မာ့သိုင်းသင်ခန်းစာများ၊ ရိုင်ဖယ်ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး သင်ခန်း စာများနဲ့ ကြိုက်နှစ်သက်ရာ အားကစား ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ဖို့အတွက် အဖွဲ့အစည်းစိတ်ဓာတ်ရှိအောင် သင်တန်း တပ်စိတ်အလိုက် ယုံကြည်မှုလေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်စေခြင်း၊ အပတ်စဉ် သောကြာနေ့တိုင်း ဗိုလ်လောင်းဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ဗိုလ်လောင်းပဋိညာဉ်ပါ လိုက်နာရမယ့် စည်းကမ်းတွေ ချမှတ်ထားပြီး စနစ်တကျလိုက်နာဆောင်ရွက်စေခြင်း၊ လစဉ် Professional and Personal Development အစီအစဉ်အရ အထူး ဟောပြောဆွေးနွေးပွဲ အခမ်းအနား ဆောင် ရွက်ပေးပြီး ဆေးဘက်ဆိုင်ရာ ဝါရင့်၊ သမ္ဘာရင့် တာဝန်ထမ်းဆောင်ဆဲ၊ အငြိမ်းစားပါမောက္ခချုပ်၊ ပါမောက္ခဌာန မှူးတွေက သူတို့ရဲ့တာဝန် ထမ်းဆောင် ခဲ့မှုတစ်လျှောက် အတွေ့အကြုံကောင်းတွေကို ဆွေးနွေးပေးခြင်း၊ လစဉ် ကျောင်း အုပ်ကြီးနဲ့ ဗိုလ်လောင်းတွေတွေ့ဆုံပြီး အခက်အခဲနဲ့ လိုအပ်ချက်တွေကို ပွင့်ပွင့် လင်းလင်းတင်ပြစေပြီး ကူညီဖြေရှင်းပေး ခြင်းတို့ပြုလုပ်ပြီး ဗိုလ်လောင်းများ စိတ် ရောကိုယ်ပါ ကျန်းမာ၊ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပျိုးထောင်ပေးပါတယ်။
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ် လောင်းများအနေနဲ့ ပထမနှစ်ကနေ အလုပ်သင်နှစ်အထိ သင်ကြားရတဲ့ စစ်ပညာ ဘာသာရပ်တွေကတော့ ကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်သင်ဘာသာရပ်၊ ခေါင်းဆောင်မှုဘာသာရပ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ အထူးစစ်နည်းဗျူဟာဘာသာရပ်၊ မြေပုံဖတ်ဘာသာရပ်၊ တိုက်ပွဲဝင်စည်းရုံးရေး ဘာသာရပ်၊ တပ်မတော်ရေးရာ ဘာသာရပ်၊ စစ်ဥပဒေဘာသာရပ်၊ စစ်ရေး/စစ်ထောက်ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ဦးစီးတာဝန်ဘာသာရပ်၊ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်၊ အကူ လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ ဘာသာရပ်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာစေရေး ဘာသာရပ်၊ ဖွဲ့စည်းပုံဘာသာရပ်၊ အုပ်ချုပ်မှုဘာသာ ရပ်၊ ဒို့တာဝန်အရေးသုံးပါး ယုံကြည်ချက်၊ ခံယူချက်မြင့်မားရေး ဘာသာရပ်တို့ဖြစ်ပြီး သင်ခန်းစာတွေကို သင်တန်းနှစ်အလိုက် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေး နေပါတယ်။
ဗိုလ်လောင်းကျောင်းသားတွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေ တိုးတက် ကောင်းမွန်စေဖို့ ဗိုလ်လောင်းများ စစ်ပညာ လေ့ကျင့်သင်ကြားချိန်တွေမှာ နည်းပြ အရာရှိ၊ စစ်သည်တွေနဲ့ ဗိုလ်လောင်း သင်တန်းသားအချိုး ညီညွတ်မျှတတဲ့ အနေ အထားမှာရှိတဲ့အတွက် အရာရှိ ွကမေ-ိငညေ တွေဖွဲ့စည်းပြီး အနီးကပ်စောင့်ကြည့် ကြပ်မတ်လေ့ကျင့် သင်ကြားပေးနိုင်ခြင်း၊ စစ်ပညာသင်ကြားမှုမှာ ရရှိတဲ့အချိန်နဲ့ ထပ်ခါထပ်ခါလေ့ကျင့် ဆောင်ရွက်နိုင်ခြင်း၊ အားနည်းတဲ့ ဗိုလ်လောင်းတွေကိုလည်း ကျွမ်းကျင်မှုရှိလာတဲ့အထိ သင်ခန်းစာ အချိန်ပို လေ့ကျင့်သင်ကြားပေးခြင်းတို့ပြုလုပ်ပြီး အရည်အသွေး၊ အရည်အချင်း တွေ တိုးတက်ကောင်းမွန် လာစေဖို့ ပြုစု ပျိုးထောင်ပေးပါတယ်။ မိဘဆွေမျိုးတွေနဲ့ ဝေးကွာနေတဲ့ ဗိုလ်လောင်းတွေ စိတ်ပျော်ရွှင်စေဖို့အတွက် လေ့ကျင့်ရေးနှစ် တစ်နှစ်မှာ လအလိုက် ကျောင်းအုပ်ကြီး ဒိုင်း ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပပေးခြင်း၊ ဗိုလ်လောင်းတပ်ခွဲအလိုက် ကျောင်းအုပ်ကြီးဒိုင်း အောင်စစ်သည်အမှတ်ပေး ရေကူး၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း စွမ်းရည်သရုပ်ပြနဲ့ လက်ဝှေ့ပြိုင်ပွဲများ စတဲ့အားကစားပြိုင်ပွဲတွေ ကျင်းပပေးခြင်း၊ လအလိုက် အခါကြီး၊ ရက်ကြီးတွေမှာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပပေး ခြင်း၊ စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအခမ်းအနား၊ ညောင်ရေသွန်းပွဲတော်အခမ်းအနား၊ ဓမ္မပူဇာတရားပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲများ၊ နိဗ္ဗာန်ဈေးပွဲတော်တွေ ကျင်းပပေးပြီး ဗိုလ်လောင်းများ စိတ်ပျော်ရွှင်စေဖို့ စီစဉ်ဆောင်ရွက်ပေးပါတယ်။
သင်တန်းဆင်းဗိုလ်လောင်းတွေ အနေနဲ့ မိမိတို့တာဝန်ကျရာဒေသ အသီးသီး မှာရှိတဲ့ ဆေးရုံ/ဆေးတပ်ရင်းတွေမှာ ဆေးမှူးအရာရှိငယ်များအဖြစ် တာဝန် ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ကျောင်းကနေ သင်ကြားပေးလိုက်တဲ့ စစ်ပညာ၊ စာပေပညာသင်ခန်းစာတွေ ပေါင်းစပ်ပြီး နိုင်ငံတော်အကျိုးဖြစ်ထွန်းအောင် ဆောင် ရွက်ကြဖို့မှာကြားလိုပါတယ်။ အခုလို တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်တဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်၀ တဲ့ ဆေးသိပ္ပံပညာရှင် အရာရှိကောင်း တွေကို မွေးထုတ်ပေးလိုက်နိုင်လို့ အတိုင်း မသိ ဝမ်းသာပီတိဖြစ်မိပါတယ်။
ဗိုလ်လောင်းအောင်ကျော်မင်း ၊ (အောင်စစ်သည်ဆု)
ကျွန်တော်ကတော့ ဗိုလ်လောင်းအောင် ကျော်မင်းဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးကနေ တပ်မတော်ဆေးတက္ကသိုလ် လာရောက်တက်ဖြစ်တာဖြစ်ပါတယ်။ စပြီးတက်တဲ့ ဆေးပညာ အခြေခံနှစ်ကနေ အလုပ်သင်နှစ်အထိ တပ်မတော်ဆေးတက္ကသိုလ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ခဲ့တယ်။ စာပေပိုင်းဆိုင်ရာမှာဆိုရင်လည်း သင်ရိုးအလိုက် ချမှတ်ထားတဲ့ စာပေပိုင်းဆိုင်ရာ စာမေးပွဲတွေကို စနစ်တကျလေ့လာကြိုးစားခဲ့တယ်။ စစ်ပညာပိုင်းဆိုင်ရာမှာလည်း နည်းပြတွေ သင်ကြားပေးတဲ့ အပေါ်မှာ လေ့လာကြိုးစား သင်ယူခဲ့တဲ့အတွက် အောင်စစ်သည်ဆုရရှိခဲ့ပါတယ်။ သင်တန်းဆင်းပြီးရင် တာဝန်ကျရာဒေသမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့ အကောင်းဆုံး ကူညီပေးသွားပါမယ်။ ကျောင်းတက်ခဲ့တဲ့ ခုနစ်နှစ်တာ ကာလအတွင်းမှာ စာပေပိုင်းဆိုင်ရာ၊ စစ်ပညာပိုင်းဆိုင်ရာတွေကို သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ၊ မိသားစုသဖွယ် သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမတွေကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဗိုလ်လောင်းစောပြည့်အောင် ၊(လေ့ကျင့်ရေးထူးချွန်ဆု)
ကျွန်တော်ကတော့ ဗိုလ်လောင်းစောပြည့်အောင်ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးကနေ တပ်မတော်ဆေးတက္ကသိုလ်ကို လာရောက်တက်ဖြစ်တာပါ။ တပ်မတော်ကချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအကုန်လုံးကို ပထမနှစ်ကနေ အတတ်နိုင်ဆုံး ကြိုးစားလေ့ကျင့်ခဲ့တယ်။ တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးတဲ့ ပညာတွေ၊ သင်ခန်းစာ တွေကို အကောင်းဆုံးကြိုးစားလေ့ကျင့်ခဲ့ ပါတယ်။ အခုလို ကြိုးစားလေ့ကျင့်ခဲ့လို့ လေ့ကျင့်ရေးထူးချွန်ဆု ရရှိခဲ့တာပါ။
တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေနဲ့ ပြည်သူလူထုအတွက် နေရာဒေသမရွေး၊ အချိန်အခါမရွေး အတတ်နိုင်ဆုံးကျန်းမာရေးစောင့်ရှောက် မှုတွေပေးသွားမှာပါ။ စေတနာ၊ အကြင်နာ ဘေးကင်းကွာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စေတနာထားမယ်၊ အကြင်နာထားမယ်၊ ဘေးကင်းကွာအောင် ကျန်းမာရေးစောင့် ရှောက်မှုကို အကောင်းဆုံးပေးသွားမှာပါ။ တပ်မတော်ဆေးတက္ကသိုလ် ရောက်တဲ့နှစ် ကစပြီး သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ ပြုစုပျိုးထောင်ပေးခဲ့တဲ့နည်းပြတွေ၊ လေ့ကျင့်ရေးဌာန၊ စာပေဌာန၊ အုပ်ချုပ်မှုဌာနကနည်းပြတွေ၊ ဆရာ၊ ဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။
ဗိုလ်လောင်းနိုင်ရဲလှ ၊ (စာပေထူးချွန်ဆု)
ကျွန်တော်ကတော့ ဗိုလ်လောင်းနိုင်ရဲလှ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးကနေ တပ်မတော်ဆေးတက္ကသိုလ် လာရောက် တက်ခဲ့တာပါ။ ဆေးပညာ အခြေခံနှစ်ကနေ အလုပ်သင်နှစ်အထိ သင်ကြားပြသခဲ့တဲ့ ဘာသာရပ်တွေကို သေချာကျက်မှတ် လေ့လာခဲ့လို့ စာပေထူးချွန်ဆု ရရှိခဲ့တာပါ။ ကျရာဒေသမှာ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေနဲ့ ပြည်သူလူထုကို တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့ အကောင်းဆုံး ကူညီပေးသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဆေးပညာအခြေခံနှစ်ကနေ အလုပ်သင်နှစ်အထိ သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။