အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

 

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၉

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အတူ  ယမန်နေ့ညနေပိုင်းက အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်၌ (၃၅) ကြိမ်မြောက်  အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် အသည်း အလှူရှင်တို့ကို ကြည့်ရှုအားပေးသည်။

အသည်းအစားထိုးခွဲစိတ် ကုသသည့် လူနာမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသည်းအလှူရှင်မှာ ၎င်း၏ညီမ ဝမ်းကွဲတော်စပ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ယမန်နေ့နံနက်၇ နာရီမှ ညနေ ၃ နာရီခွဲအထိ အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး လူနာနှစ်ဦးကို အထူးကြပ်မတ် ကုသဌာန၌ ထားရှိ၍  လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို  ဆက်လက်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့် ကုသရေးဦးစီးဌာန၏ အနီးကပ် ပံ့ပိုးမှုတို့ဖြင့်ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သော  ပြည်သ့ူဆေးရုံကြီးများတွင်  အသည်းအစားထိုး ခွဲစိတ်မှုအောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့၊  ပါမောက္ခ/ဌာနမှူး (အသည်းနှင့်သည်းခြေ လမ်းကြောင်းခွဲစိတ်) ပါမောက္ခဒေါက်တာ  စိုင်းအောင်ညွန့်ဦး ခေါင်းဆောင်သော အသည်းခွဲစိတ်ကုသမှု ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု)  ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ ခေါင်းဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး  (မေ့ဆေး)  ပါမောက္ခဒေါက်တာမူမူနိုင် ခေါင်းဆောင်သော မေ့ဆေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော် ခေါင်းဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ဒေါက်တာဆွေဆက်  ခေါင်းဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခ ဒေါက်တာအောင်ချိုထွန်း  ခေါင်းဆောင်သော ဓာတ်မှန်ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားသွေးဌာန)    ဒေါက်တာသီတာအောင် ခေါင်းဆောင်သော သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့တို့နှင့်အတူ  ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်)  (ငြိမ်း)  ဒေါက်တာတင်တင်မာ၊  ပါမောက္ခ / ဌာနမှူး(မေ့ဆေး) (ငြိမ်း) ဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ တွဲဖက်ပါမောက္ခ(မေ့ဆေး)   ဒေါက်တာမောင်မောင်ဆွေ၊ အထူးကုဆရာဝန်ကြီး (ဓာတ်ခွဲ) ဒေါက်တာ ယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး(ဓာတ်မှန်) ဒေါက်တာသဇင်သန်းနှင့်  ဆရာဝန်များ၊ သူနာပြုအုပ်များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပိုအောင်၊   ကျွမ်းကျင်သူနာပြု ဆရာမကြီးများဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း ဦးဆောင်သော သူနာပြုများအဖွဲ့၊  ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက်အကူပြု ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့ကြသော  ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးကုသရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သော Seoul National   University  Hospital  မှ Professor  Kwang  Woong Lee နှင့် Dr. Jaeyoon Kim တို့အားတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားကာ အသည်းအစားထိုး ခွဲစိတ်ကုသမှုများ   ဆက်လက်ဆောင်ရွက်နိုင်မည့်  အခြေအနေများကို ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌  ၂၀၀၄  ခုနှစ်တွင် တစ်တွဲ၊ ၂၀၀၉ ခုနှစ်တွင် တစ်တွဲဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အထူးကုဆေးရုံကြီး  (ခုတင်-၅၀၀)ရန်ကုန်ဖွင့်လှစ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်တွဲ၊ ၂၀၁၆ ခုနှစ်တွင် လေးတွဲ၊ ၂၀၁၇ ခုနှစ်တွင်  ခြောက်တွဲ၊  ၂၀၁၈ ခုနှစ်တွင် ၁၁ တွဲ၊  ၂၀၁၉ ခုနှစ်တွင် ၁၀ တွဲ စုစုပေါင်း  ၃၄ တွဲကို လည်းကောင်း၊   မန္တလေးပြည်သူ့ဆေးရုံကြီး၌ ၂၀၁၇ ခုနှစ်တွင် သုံးတွဲ၊ ၂၀၁၈ ခုနှစ်တွင် ခုနစ်တွဲ၊ ၂၀၁၉ ခုနှစ်တွင် လေးတွဲ စုစုပေါင်း ၁၄ တွဲကိုလည်းကောင်း၊ ကလေးဆေးရုံကြီး-ရန်ကုန်၌  ၂၀၁၉ ခုနှစ်တွင် သုံးတွဲကို လည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအရ ရပ်နားခဲ့ရရာမှ  ယခုပြန်လည်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း၌  အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအတွက် လိုအပ်သော ကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်မည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုးခွဲစိတ် ကုသမှုများ ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။