နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ - ၂၀

 (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာ ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၊ (B) ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ၊ စာပေအနုပညာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၆)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးပြီး သာသနာရာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက လူငယ်နှင့်စာပေအနုပညာတေးသီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေမှု အား ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့နိုင်ငံ၏ အထွဋ်အမြတ် ဖြစ်သည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားဖြစ်သကဲ့သို့ လွတ်လပ် ရေးရရှိအောင် ကြံစည်ကြိုးပမ်းအားထုတ်ခဲ့ကြသည့် မိမိတို့၏ ဘိုးဘွားမိဘများကို ပြန်လည်အမှတ်ရဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားကြီးဖြစ်သဖြင့် အင်မတန် ကျက်သရေမင်္ဂလာရှိသည့် အခမ်းအနားကြီးတစ်ခု ဖြစ်သည်ကို ဂုဏ်ယူပြောကြားလိုပါ ကြောင်း။

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်လိုက်ပါ က နယ်ချဲ့တို့၏ဆိုးညစ်ယုတ်မာသည့် အကြံအစည်များ၊ ခြေလှမ်းများကို သတိထား သိမြင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့အင်အား မတောင့်တင်းပါက၊ တစ်နည်းအားဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်မှု မခိုင်မာပါက အချုပ်အခြာအာဏာဆိုသည်မှာ အချိန်တိုတိုအတွင်း ၌ပင် လက်လွတ်ဆုံးရှုံးရနိုင်သည်ဆိုသော ကြီးမားသည့် သင်ခန်းစာများကို မိမိတို့အားလုံး ရရှိခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက ပြည်ထောင်စုတိုင်းရင်း သား လူမျိုးအားလုံးသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးတူပူအမျှ အတူတကွစည်းလုံး ညီညွတ်စွာ နေထိုင်လာခဲ့ကြပါကြောင်း၊ ၁၉ ရာစု အတွင်း၌ နယ်ချဲ့ကိုလိုနီ နိုင်ငံကြီးများ၏ လောဘဇောတိုက်ပြီး အပြိုင်အဆိုင်ကျူးကျော်ရန်ပြုခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့တို့၏ ကျွန်ပြုခံခဲ့ရသည်ကိုအားလုံး အသိပင်ဖြစ်ပါကြောင်း။

မိမိတို့၏ဘိုးဘွားမိဘများသည်ကိုလိုနီနယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာမှုများ၊ သွေးခွဲ သပ်လျှိုအုပ်ချုပ်မှုများကြားက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ပြန်လည်လွတ်မြောက်အောင် အသက်သွေးချွေးများပေးဆပ် ရယူပေးခဲ့ သည်မှာ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။

ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက် သည် တိုင်းရင်းသားများကြားတွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ်စေရေး ဝိုင်းဝန်း ကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ်များကို အသိပညာပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရပင်ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအရှိ တရားအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုး သားရေးရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင် ဖြစ်ပါကြောင်း။

စစ်အေးခေတ်နှောင်းပိုင်းကာလများတွင် အင်အားကြီးသည့် နိုင်ငံကြီးများသည် အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ထိန်းချုပ်ချယ်လှယ်နိုင်စေရန်၊ သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများကို မဟာဗျူဟာကျ သည့် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင် ဖြစ်ပါ ကြောင်း။

အထူးသဖြင့် အင်အားကြီးနိုင်ငံတစ်ချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို၎င်းတို့၏ ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် ကမောက်ကမ ဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့်သွေးထိုးမြှောက်ပင့်ပေးနေကြပါကြောင်း၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ဩဇာလောင်းရိပ်အောက်သွတ်သွင်းရန် ကြိုးစားနေကြပါ ကြောင်း။

ယခုကဲ့သို့အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော် ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲ သွားနိုင်သကဲ့သို့ ၎င်းတို့အလိုကျ လိုသလိုပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့ လက်အောက်ခံ၊ ဩဇာခံဖြစ်သွားနိုင်သည်ကိုလည်း အလေးအနက်သတိပြုကြရန် သတိ ပေး မှာကြားလိုပါကြောင်း။

ထို့ပြင် ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမယ်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ် ကြီးမား ပါကြောင်း၊ မိမိတို့အားလုံးက မှန်ကန်သည့်အသိ၊ မှန်ကန်သည့် သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို သယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ယခုကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက် လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်း ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မည်ဆိုပါက နိုင်ငံတိုင်းနီးပါးသည် မိမိတို့၏ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေရန်အတွက် Social Capital ဟုခေါ်သည့် လူမှုအရင်းများ၊ Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းများကို အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များကို ပိုမိုပြုစုပျိုးထောင်လာကြ သည်ကိုတွေ့မြင်ရမည် ဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာ အနက် လွန်စွာတန်ဖိုးရှိလှသည့် လူငယ်များလူသား အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ပြောရမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် မကြာခဏပြောကြားနေသည့် အကြောင်းအရာတစ်ခုကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ တိုင်းပြည်တစ်ခုတိုးတက်ဖွံ့ဖြိုးခြင်း၏ အခြေခံသည် ပညာတတ် လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်ပါကြောင်း၊ အသိပညာ၊အတတ် ပညာပြည့်စုံ သည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည်ဟု မိမိအနေဖြင့် ယုံကြည် သည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးရန်လိုသည်ကို မကြာခဏ တွန်းအားပေးပြောကြားခဲ့ပါကြောင်း။

အားလုံးသိကြသည့်အတိုင်း လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်တစ်ခုပင်ဖြစ်ပါကြောင်း၊ ခေတ်စနစ် များကိုမည်သို့ပင် ဖြတ်သန်းကြရသည်ဖြစ်စေ၊ လူငယ်မျိုးဆက်များသည် အတွေးအခေါ် ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများတွင် ထူးချွန်ထက် မြက်နေရန် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နိုင်ရန်လည်း လူငယ်များ၏ ကြိုးစားအားထုတ်မှုအခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးပိုင်းများကို ဖွံ့ဖြိုးရေးလမ်း ကြောင်းပေါ်တွင် တစ်စိုက်မတ်မတ်တည်ရှိနေအောင် ဝိုင်းဝန်းကူညီ ပေးကြရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးကို နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့်အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေး အစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ အကြောင်း ကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များ ကိုလည်း မိဘနှင့်သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက် ရှိစေရေး နည်းလမ်းများရှာဖွေ ဖော်ဆောင်ပေးလျက်ရှိသည်ကို အသိပေးပြောကြားလိုပါ ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သား ကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့် ကိုက်ညီအောင်ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့်စာပေအနုပညာပြပွဲများ၊ ကျောင်းသား အားကစားပြိုင်ပွဲများ၊ နွေရာသီအားကစားသင်တန်းများ၊ အာဆီယံနှင့် ဒေသတွင်းလူငယ်ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် တက် ရောက် ဆွေးနွေး ပြသယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ပေးနေသည့်အတွက် လူငယ်များ၏ အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ်တိုးတက်လာ စေခဲ့ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်လာနိုင်စေရန် အခွင့်အရေးပေးပြီး လက်တွဲဆောင်ရွက်ပေးကြရန်၊ လူငယ်များကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ချစ်မြတ်နိုးစေပြီး နိုင်ငံ့တာဝန်ကျေပွန်စေမည့် သားကောင်းရတနာ များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊ လူငယ်များအနေဖြင့်လည်း အစဉ်လေ့လာ သင်ယူမှုများနှင့် အတတ်ပညာ၊ အသိပညာပြည့်စုံပြီး နိုင်ငံ၏အနာဂတ်အတွက် အားကိုးအားထားပြုနိုင်မည့် သူများဖြစ်အောင် ကြိုးစားသွားကြပါဟု တိုက်တွန်း မှာကြား လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားမောင်မယ်များ က အားကစားနည်းအလိုက် စွမ်းရည်ပြသခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မြဝတီတေးဂီတအဖွဲ့က“ရှေ့သို့လှမ်းချီ မြန်မာပြည်” တေးသီချင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ “နတ်မြင်းပျံ” ယိမ်းအက၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ အနုပညာရှင်များနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက “ပြည်ထောင်စုကြီး ထာဝရ တည်တံ့စေသား” တေးသီချင်း၊ အဆိုတော် ယုန်လေးက “အနာဂတ် သူရဲကောင်း” တေးသီချင်း၊ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ရတနာများစွာ” တေးအော်ပရာ၊ အနုပညာရှင် များက “တာဝန်ကိုယ်စီထိန်းကြမည်” တေးသီချင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “သျှောင်ပေစူး” တေးသရုပ်ဖော်အက၊ သာသနာရေးနှင့်ဝန်ကြီးဌာန အနုပညာဦးစီးဌာနက “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” တေးသီးချင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက “ပြည့်ရတနာ” တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ပြခန်းများ ခင်းကျင်းပြသထားမှုကို စိတ်ပါဝင်စား စွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။

 အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော်ကို “ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာန များမှ ပြခန်းများ ခင်းကျင်းပြသထားကာ ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းပြသထားပြီး မည်သူမဆိုအခမဲ့လာရောက် လေ့လာနိုင်ကြောင်းသတင်းရရှိသည်။