(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၂၁

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပသည်။

အခမ်းအနားသို့ (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း/ အဖွဲ့များ၊ တိုင်းရင်း ဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းကြီးနှင့် မြန်မာနိုင်ငံအနှံ့ အပြားမှ တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးရုံများမှ ဆရာ ၊ ဆရာမများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် က မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message ကိုဖွင့်လှစ်ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျင် (၂၂) ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း၊ (၂၂) ကြိမ်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ရှိနေကြသည့် မြန်မာ့တိုင်းရင်း ဆေးပညာရှင် များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နှီးနွှယ်ပညာရှင်များအနေဖြင့် ယခုညီလာခံ ကြီးတွင် တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရရှိပြီး ပြည်သူများ၏ ကျန်းမာရေးကို တိုင်းရင်းဆေး နှင့် စောင့်ရှောက်ပေးနိုင်ရေးအတွက် တိုင်းရင်းဆေးပညာရပ်များ ဆွေးနွေးညှိနှိုင်းခွင့်၊ အသိ ပညာဖလှယ်ခွင့် ရရှိကြကြောင်း။

ယခုကျင်းပသည့် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာ ခံကို တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာ ရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊  ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး မြင့်မားသည့် အစွမ်းထက် တိုင်းရင်း ဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးရန် စသည့် ရည်ရွယ်ချက် (၄)ရပ်နှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များကို ယခုညီလာခံက ညှိနှိုင်းဆွေး နွေးချမှတ်ပေးနိုင်မယ်ဟုယုံကြည်ပါကြောင်း။

ယခုကဲ့သို့ နိုင်ငံတော်က ဦးဆောင်ကျင်းပသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွင် မြန်မာ့တိုင်းရင်းဆေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိအမြင်များ ဖလှယ်နိုင်ကြရုံသာမက ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် အခြေအနေများကို သိရှိနိုင်ရန် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ကြောင်း၊ ညီလာခံတွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆွေးနွေးခွင့်များ ရရှိကြမည့် အပြင် အတွေ့အကြုံရင့်ကျက်သည့် တိုင်းရင်းဆေးသမားတော်ကြီးများက မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေ ပေးနိုင်မည်ဖြစ်သောကြောင့် မျိုးဆက်သစ် တိုင်းရင်းဆေးဆရာများ အနေဖြင့် ပညာအမွေဆက်ခံခွင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ်ကြောင်း။

ညီလာခံအဆက်ဆက်တွင် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိသည့် အဆိုပြုချက်များ၊ တင်ပြဆွေးနွေးမှုများ ပြုလုပ်ကြပြီး ထောက်ခံဆွေးနွေးမှုများက ထွက်ပေါ်လာသည့် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည့် လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် စုပေါင်းအားထုတ်ကြရန်ကိုလည်း မိမိအနေဖြင့် အားပေး တိုက်တွန်းလိုပါကြောင်း။

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် အဆိုပြုချက် (၄)ချက် အဆိုပြုတင်သွင်းပြီး အလေးထားဆွေးနွေးကြမည်ဟု သိရကြောင်း၊  နိုင်ငံတော်အစိုးရက  တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားကာ အားပေးချီးမြှောက် ပေးလျက်ရှိနေသကဲ့သို့ တိုင်းရင်းဆေးပညာရှင်များကလည်း ယခုလို ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ထို့သို့ကြိုးစား အားထုတ်ကြရာ တွင် စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေ တို့သည် အဓိကမဏ္ဏိုင်ကြီးများဖြစ်ပါကြောင်း၊ ယခုအချိန်တွင်  မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့် မွေးထုတ်ပေးနေပြီဖြစ်ပါကြောင်း၊  မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်းတွင် ဖွံ့ဖြိုးတိုး တက်နေရန်လိုအပ်သလို ကမ္ဘာ့နိုင်ငံများ၏တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ပူး ပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံချင်း၊ လူမျိုးတစ်မျိုးချင်း၏ တိုင်းရင်းဆေးပညာရပ်များသည် အခြေခံ အားဖြင့် မတူညီကြသည့်အတွက် မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံသီအိုရီများ၊ ကိုယ်ပိုင်မူ ကိုယ်ပိုင်လက္ခဏာများကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ထိန်းသိမ်း ကြရမည် ဖြစ်သကဲ့သို့ အဆိုပါအခြေခံသီအိုရီများကို ခိုင်မာမှန်ကန်ကြောင်း သက်သေပြရန် ကိုလည်း တိုင်းရင်းဆေးပညာရှင်များက ကြိုးပမ်းဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း။

ရှေးမြန်မာမင်းများလက်ထက် အစွမ်းထက် မြန်မာ့တိုင်းရင်း ဆေးဝါးများ၏ သမိုင်းကြောင်းကိုကြည့်ပါကရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်တွင် မြန်မာ့တိုင်ရင်း ဆေးပညာ စစ်စစ်ဖြစ်သည့် ဒေသနာနယ ဆေးပညာနည်းစနစ် တောင်သာခြောက်လုံးကောက် ဆေးပညာကို တောင်သာဆရာကြီးဆရာမှုန့်မှ တီထွင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထိုသို့ အစွမ်းထက် ဆေးစွမ်းကောင်းများပေါ်ထွန်းခဲ့သော်လည်း မြန်မာ့တိုင်းရင်းဆေး ပညာသည် တတ်ကျွမ်းသည့် သမားတော်ကြီးများထံတွင် စာတွေ့၊ လက်တွေ့အနီးကပ် ဆည်းပူးလေ့ လာရသဖြင့် လက်ဆင့်ကမ်းသင်ယူသူများ နည်းပါးလာခြင်း၊ ပညာအမွေ အနှစ်မှတ်တမ်း များ လွှဲပြောင်းပေးနိုင်မှု အကန့်အသတ်နှင့် အားနည်းချက်ရှိခြင်း တို့ကြောင့် မြန်မာ့တိုင်း ရင်းဆေးဝါးများရှိ ပညာရပ်အချို့ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရက ၂၀၀၁ ခုနှစ်တွင် မန္တလေးမြို့၌ တိုင်းရင်း ဆေးတက္ကသိုလ်ကို ဖွင့်လှစ်ကာ မျိုးဆက်သစ် တိုင်းရင်းဆေးပညာဘွဲ့ရများ မွေးထုတ် နိုင်ခဲ့ပြီး မြန်မာ့တိုင်း ရင်းဆေးသမားတော်များညီလာခံကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် “သက်ကြီးစကား၊ သက်ငယ် ကြား” ဆိုသကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် တိုင်းရင်း ဆေးသမားတော်ကြီးများက မျိုးဆက်သစ်လူငယ်များနှင့် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံ ဗဟုသုတများ နှီးနှောဖလှယ်နိုင်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင်ခြင်းစသည့့် အကျိုးကျေးဇူး အထောက်အပံ့များ ရမည်ဖြစ်သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ်မြန်မာ့တိုင်းရင်းဆေး ပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ခေတ်နှင့်အညီ ဆက်လက်၍ ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးဝါးများ မှတ်ပုံတင်ခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရင်ပေါင် တန်း လိုက်ပါဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ ထိုသို့ အာဆီယံနိုင်ငံများနှင့် ပညာ ရပ်ဆိုင်ရာ ပူးပေါင်းဆွေးနွေးဖလှယ်ခြင်း၊ ဆေးဝါးများကို အပြန်အလှန် ကူးသန်းရောင်းဝယ် ခြင်းပြုလုပ်နိုင်ကြရန် တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါး လုပ်ငန်းရှင်များက မျက်‌ခြည်မပြတ် ဆန်းစစ်လေ့လာပြီး ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ကြောင်း။

အလားတူ ဘင်းမ်စတက်၊ မဲခေါင်စသည့် ဒေသတွင်း အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံတွင် ကျင်းပသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ (B2B) ညီလာခံ၊  အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ကူးစက်ရောဂါများကာကွယ်ခြင်း၊ ထိန်း ချုပ်ခြင်း၊  ကုသခြင်းဆိုင်ရာ ညီလာခံများ၊  တရုတ်နိုင်ငံတွင် ကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာများ ပေါင်းစည်းထားသည့် ကူးစက်ရော ဂါများအား ကာကွယ်ခြင်း ဆိုင်ရာညီလာခံ၊ တရုတ်-အာဆီယံ ဆေးဝါးဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ခရီးသွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ် စသည့်ဒေသတွင်း နိုင်ငံများနှင့်ပူးပေါင်းပါဝင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲကို အိန္ဒိယနိုင်ငံမှ အာယုဗ္ဗေဒ ဆေးပညာရှင် လာရောက်ပြီး  စာတမ်းဖတ်ကြား ခဲ့သည်ကိုလည်း သိရှိရပါကြောင်း။ 

ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးပညာနယ်ပယ်ကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတကာ တွင် ဆေးဖက်ဝင်အပင်များ၏ အစိတ်အပိုင်းများနှင့် ဖော်စပ်ထုတ်လုပ်ထားသည့် ဆေးဝါးများအသုံးပြုမှုကို ပိုမိုအလေးထားလာသည်ကို တွေ့ရှိရကြောင်း၊ နာမကျန်း လူနာများကို ကုသရာတွင်လည်း သဘာဝအခြေခံကုထုံးများ တိုးမြှင့်အသုံးပြုလာကြပါ ကြောင်း၊ ဇီဝကမ္မဖြစ်စဉ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် သင့်တင့်မျှတအောင် ထိန်းသိမ်းပြီး ကျန်းမာရေးကို မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း။

မိမိတို့ ဘိုးဘွားဘီဘင်လက်ထက်ကပင် ကျန်းမာရေးကို မြန်မာ့တိုင်းရင်း ဆေးဝါး များနှင့် ပြုစုစောင့်ရှောက်လာခဲ့သည်မှာ ယနေ့မိမိတို့ခေတ်အထိပင်ဖြစ်ပြီး နောင်လည်း ဆက်လက် တည်ရှိနေအုံးမည်မှာ အသေအချာပင်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ကပ်ရောဂါ အတွက် အသုံးပြုနိုင်ရန် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများတွင် အသုံးပြုနေပြီ ဖြစ်ပါကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာကို အမျိုးသားရေး အမွေအနှစ်ဆေးပညာအဖြစ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ တိုင်းရင်းဆေးနှင့်  ပြည်သူလူထုကျန်းမာရေးကို ပိုမိုစောင့်ရှောက် မှုပေးနိုင်ရေး၊ အရည်အချင်းပြည့်ဝသည့် တိုင်းရင်းဆေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အန္တရာယ် ကင်းပြီး အကျိုးအာနိသင် ထက်မြက်သည့် ဆေးဝါးများထုတ်လုပ်ရေး၊ မြန်မာ့တိုင်းရင်း ဆေးပညာနှင့် ဆေးဝါးများ ကမ္ဘာ့အဆင့်မီအောင် ဆောင်ရွက်နိုင်ရေး၊ ဝါရင့်တိုင်းရင်းဆေး သမားတော်ကြီးများ လက်ရှိသုံးစွဲနေသည့်  ကုထုံးများ၊ ဆေးဝါးများကို မျိုးဆက်သစ်များ သို့ လက်ဆင့်ကမ်း အမွေပေးနိုင် ရေးစသည်ဖြင့် လုပ်ဆောင်ဖွယ်ရာ အများအပြားရှိနေ ပါကြောင်း။

အဆိုပါလုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်း ဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တိုင်းရင်းဆေးသမားတော်အပေါင်းတို့သည် တိုင်းရင်းဆေးရပ်ဝန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video ကို ပြသသည်။

ထို့နောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထံ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအ ထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေး ကုသခန်းများ နှင့်  ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ထံသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ နှင့် အဖွဲ့ဝင် များက တိုင်းရင်းဆေးခြင်းအား ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။