(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်သို့ တက်ရောက်လာသူတို့၏ စကားသံများ
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ဦးကျော်ကျော်ဝင်း (ဌာနမှူး၊ မြန်မာနိုင်ငံကုန်သွယ်ရေး ရေကြောင်းကောလိပ်)
ကျွန်တော်တို့ကတော့ ရေကြောင်းကဏ္ဍပြခန်းကို တာဝန်ခံအနေနဲ့ ဆောင်ရွက်ရတာပဲဖြစ်ပါတယ်။ ရေကြောင်းကဏ္ဍပြခန်းမှာဆိုရင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ခြောက်ခုကနေပြီးတော့မှ တာဝန်ယူ ပြသရခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရေကြောင်း ကောလိပ်၊ မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဆိုပြီး ဒီဌာနတွေကနေ တာဝန်ယူပြသရတာပဲဖြစ်ပါတယ်။ ရေကြောင်းကဏ္ဍအနေနဲ့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း
ကောလိပ် နောက်တစ်ခါ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နဲ့ တခြားရေကြောင်းဆိုင်ရာဌာနတွေကနေ ပြသထားခြင်းအားဖြင့် လာရောက်ကြည့်ရှုတဲ့လူငယ်တွေအနေနဲ့ ရေကြောင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ကဏ္ဍတွေကို ပိုမိုသိရှိနားလည်စေဖို့ အသိပညာဗဟုသုတတွေ ရရှိဖို့အတွက် ရည်ရွယ်၍ ခင်းကျင်းပြသထားခြင်းပဲ ဖြစ်ပါတယ် ။
လာရောက်လေ့လာကြည့်ရှုတဲ့လူငယ်တွေအနေနဲ့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ကနေ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှာ စာပေသင်ကြားနေတဲ့ ကျောင်းသားတွေကို လူငယ်တွေအားကျစေဖို့အတွက် ခေါ်ဆောင်လာခဲ့ပါတယ်။ ရှေ့မှာလည်း သူတို့ရဲ့ပုံတူဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။ ကုန်သွယ်ရေကြောင်း ကောလိပ်မှာလည်း လေ့ကျင့်ရေးသင်ထောက်ကူပစ္စည်းတွေကို လူငယ်များ စိတ်ဝင်စားစေမယ့် သင်္ဘောမောင်းတဲ့ စင်မြူလေတာတွေကိုလည်း ပြသထားပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့အနေနဲ့ လေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘက်ဆိုင်ရာ ဒီဟာတွေကိုလည်း လူငယ်များ ဗဟုသုတရရှိစေဖို့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားပါတယ်။
ပြည်တွင်းရေကြောင်းဦးစီးဌာနအနေနဲ့ ပြည်တွင်းရေကြောင်းဦးစီးဌာနမှာ ယခင့် ယခင်ကတည်းကထားလာတဲ့ ရေယာဉ်တွေကိုလည်းပြသထားပါတယ်။ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံပိုင်နယ်နိမိတ်တွေ မဆုံးရှုံးရန်ကာကွယ်ဖို့ဆိုင်ရာ ဗွီနိုင်းတွေလည်း ပြသ ထားပါတယ်။ မြစ်ချောင်းပိုင်းဆိုင်ရာဆောင်ရွက်နေမှုနဲ့ ရေကြောင်းပိုင်းဆိုင်ရာဆောင်ရွက်နေမှုများကို လူငယ်တွေအနေနဲ့သိရှိအောင် အကျိုးရှိအောင် နားလည်စေဖို့အတွက် ရည်ရွယ်၍ပြသခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒေါက်တာခင်သီတာ (ဒုတိယညွှန်ကြားရေးမှူးချုပ် ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
ဆရာမတို့အနေနဲ့က ပညာရေးဌာနကို ကိုယ်စားပြုပြီး ပြခန်းကိုစီစဉ်ပြီး ခင်းကျင်းပြသတာပါ။ ဆရာမအနေနဲ့တာဝန်ယူ ဆောင်ရွက်ရတာကတော့ ဒီပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနရဲ့ ပြခန်းကို တာဝန်ယူဆောင်ရွက်ရတာပါ။ ဆရာမတို့ရဲ့ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက တကယ်(ACTIVITIES)လေ့ကျင့်ရေးဌာနခွဲက အကောင်အထည်ဖော်ရေးဆွဲဆောင်ရွက်ထားတဲ့ KG+12 သင်ရိုးသစ်တွေအပြင် သုတေသနဌာနခွဲကနေပြီးတော့ အကောင်အထည်ဖော် ပြုလုပ်ထားတဲ့ သင်ကြားမှုသင်ယူမှုတတ်မြောက်မှုစံနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ သုတေသနအစီရင်ခံစာတွေ အဲ့ဒါတွေကိုလည်း ကျောင်းသားလူငယ်တွေကို အသိပညာပေးအနေနဲ့ ဆရာမက ခင်းကျင်းပြသထားရခြင်း ဖြစ်ပါတယ်။ ပြီးရင်လည်းဆရာမတို့ရဲ့ ပညာရေး သုတေသနလေ့ကျင့်ရေး နဲ့ စီမံကိန်းပြခန်းမှာဆိုရင် KG+12 သင်ရိုးဘာသာရပ် စာအုပ်တွေကနေပြီးတော့ကောက်နုတ်ပြီး ကျောင်းသားလူငယ်တွေကို စည်းကမ်းလိုက်နာဖို့ နိုင်ငံသား ကောင်းတွေဖြစ်လာစေဖို့ပြီးတော့လည်း အဂတိလိုက်စားမှုပပျောက်ရေး၊ လူကုန် ကူးမှုပပျောက်ရေး အဲ့လိုမျိုးအသိပညာပေးမှုတွေအပြင် ပတ်ဝန်းကျင်ကိုထိန်းသိမ်းတတ်ဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေကို ရှောင်ရှားဖို့အတွက် ဆရာမတို့ကအသိပညာပေးပြီး ကောက်နုတ်ချက်တွေအနေနဲ့ အသိပညာပေး ခင်းကျင်းပြသတာဖြစ်ပါတယ်။ ဆရာမတို့အနေနဲ့ပညာရေးသုတေသနနဲ့ စီမံကိန်းလေ့ကျင့်ရေး ဦးစီးဌာန အနေနဲ့ ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဆရာမတို့အနေနဲ့ ဉာဏ်စမ်း ပဟေဠိတွေကိုလည်း ထည့်သွင်းထားပါတယ်။ အဲ့ဒီဉာဏ်စမ်းပဟေဠိတွေမှာဆို မေးခွန်းလေးတွေကို ဆရာမကနေပြီးဒီ KG+12 ဘာသာရပ်ထဲကမေးခွန်းလေးတွေပါ အထူးသဖြင့်ကတော့ ပထဝီဝင်နဲ့ သမိုင်းဘာသာရပ်မေးခွန်းထဲကမှ ကောက်နုတ်မေးခွန်းထုတ်ပြီး ဉာဏ်စမ်း ပဟေဠိမေးခွန်းလေးတွေ ဖြေခိုင်းတာပါ။
အဲ့လိုမျိုးဖြေရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သင်ကြားမှု သက်ရောက်မှု ဘာသာရပ်အပေါ်မှာ ဘယ်လိုနားလည်လာမလဲဆိုတာကို သူတို့ကနေပြီး တတ်မြောက်သွားမှာ ဖြစ်ပါတယ်။ ဆရာမတို့အနေနဲ့ကလည်း သင်ရိုးသစ်ဘာသာရပ်အပေါ်မှာ သူတို့ဘယ်လောက်နားလည်သလဲဆိုတာကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလူငယ်နှင့် စာပေအနုပညာပွဲတော်ဟာဆိုရင် ကျောင်းသားလူငယ်မောင်မယ် တွေအတွက် အတွေးအခေါ်အသစ်၊ အသိဉာဏ်အသစ်တွေနဲ့ တီထွင်မှုစွမ်းရည်တွေကို ရရှိနိုင်ဖို့အတွက် ပြုလုပ်ပေးတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပြခန်းတွေကိုလေ့လာခြင်းအားဖြင့် အတွေးအခေါ်သစ်တွေ အသိပညာအသစ်တွေ ရရှိမယ်ဆိုရင် ဒီပွဲတော်ကြီးဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားတာ ဖြစ်ပါတယ်။
ဒီပွဲကြီးဟာကျောင်းသားလူငယ်တွေအတွက် လာရောက်လေ့လာသင်ယူသင့်တဲ့ ပွဲတော်ဖြစ်ကြောင်း ဆရာမအနေနဲ့ ဖိတ်ခေါ် ချင်ပါတယ်။ လူငယ်တွေဟာဆိုရင် တိုင်းပြည်တည်ဆောက်ရေးမှာ တစ်တပ်တစ်အား တစ်ခန်းတစ်ကဏ္ဍကနေပြီး ပါဝင်တဲ့လူငယ်တွေပဲဖြစ်ပါစေ အသိပညာတွေ အတတ်ပညာတွေ ရရှိဖို့ကလည်း စာများများဖတ်ဖို့လည်းလိုပါတယ်။ ဒီစာအုပ်စာပေတွေကမှတစ်ဆင့် အသိပညာအတတ်ပညာတွေ အများကြီး ရရှိသွားမှာကိုလည်း ဆရာမယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားလူငယ်တွေဟာ ကိုယ့်ရဲ့ အတွေးအခေါ်တွေ အသိပညာတွေ မှန်ကန်ဖို့အတွက် စာပေတွေကို အမြဲတမ်းလေ့လာ သင်ယူမှတ်သားဖို့လိုကြောင်း ဆရာမအနေနဲ့ ပြောကြားလိုပါတယ်။
ဒေါက်တာဇင်သူအောင် (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
မြန်မာနိုင်ငံမှာဆိုရင် EV တွေကို စတင်သုံးစွဲလာပြီဖြစ်တဲ့အတွက် ယခုလိုလူငယ်နှင့် စာပေပွဲတော်မှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ၊ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို EV နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပြသခြင်း ဖြစ်ပါတယ်။ အခုလိုလူငယ်နှင့်စာပေပွဲတော်မှာ ကျွန်တော်တို့လူငယ်တွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်တွေဖြစ်တဲ့
အတွက် လူငယ်တွေကို အခုလိုခေတ်ပေါ်နောက်ဆုံးပေါ် နဠ နည်းပညာတွေကို ဗဟုသုတအနေနဲ့ မျှဝေခွင့်ရရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ အင်မတန်မှဝမ်းသာပါတယ်။ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်တွေဖြစ်ဖို့အတွက် ဒီလိုပွဲမျိုးဟာ ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်တွေအတွက် အင်မတန်မှကို လိုအပ်ပါတယ်။
အခုလိုပွဲတွေကျင်းပပေးတဲ့ သက်ဆိုင်ရာ နိုင်ငံတော်လူကြီးများအားလုံးကို ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျွန်တော်ကအထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့နောက်နှစ်မှမဟုတ်ပါဘူး ဒီလိုပွဲမျိုးကို တစ်နှစ်ထဲမှာ ဘယ်နှစ်ကြိမ်ပဲရှိရှိ ကျွန်တော်တို့ကလေးတွေ ဗလငါးတန်နဲ့ပြည့်စုံတဲ့ အနာဂတ်လူငယ်တွေဖြစ်ဖို့ ကျွန်တော်ကတော့အမြဲတမ်း ပါဝင်ဆောင်ရွက်နေမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကကို လူငယ်တွေအတွက် EV နဲ့ပတ်သက်တဲ့ KNOWLEDGE ကို ပေးချင်တာဖြစ်တဲ့အတွက် မေးခွန်းလေးတွေပြင်ဆင်ထားပါတယ်။ ကလေးတွေပျော်ရွှင်အောင်လို့ ဆုတွေလည်းပြင်ဆင်ထားပါကြောင်း ပြောကြားလိုပါတယ်။
မောင်သန့်ဇင်ကျော်လွင် (နေပြည်တော်အစိုးရနည်းပညာအထက်တန်းကျောင်း - SECOND YEAR MECHANICAL POWER)
နေပြည်တော် အစိုးရအထက်တန်းကျောင်းကနေပြီး လာရောက်လေ့လာ တာပဲဖြစ်ပါတယ်။ ခင်းကျင်း ပြသထားတဲ့ အခန်းတော်တော်များများလည်း လေ့လာခဲ့ပြီးပါပြီ ။ ကျွန်တော့်အနေနဲ့ စိတ်ဝင်စားဆုံးပြခန်းတွေကတော့ သိပ္ပံနဲ့နည်းပညာပြခန်းတွေကို ပိုပြီးစိတ်ဝင်စားပါတယ်။
ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ နိုင်ငံကိုအကျိုးပြုနိုင်တဲ့ အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ခုလိုပွဲကြီးကျင်းပပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ အထူးပဲကျေးဇူးတင်ပါတယ်။လာမယ့်နှစ်တွေမှာလည်း ယခုလိုမျိုးပွဲတွေ ကျင်းပပေးစေလိုကြောင်း ပြောကြားလိုပါတယ်။
သက်နိုင်ဝင်း