ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)အား ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ရန်ကုန်မြို့တွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူထားသောလူနာအား တွေ့ဆုံအားပေး

 

ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)အား ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ရန်ကုန်မြို့တွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူထားသောလူနာအား တွေ့ဆုံအားပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၂၆

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်းသို့ ရောက်ရှိပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား Ultra Low Temperature Freezer ၁၀ လုံးတွင် အပူချိန်အနုတ် ၆၀ ဒီဂရီစင်တီဂရိတ်မှ အနုတ်  ၉၀  ဒီဂရီစင်တီဂရိတ်အတွင်း သိုလှောင်ထားရှိမှု၊ ပုံမှန်ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် သိုလှောင် ထားရှိမှု၊ ကာကွယ်ဆေးထိုး ဆက်စပ်ပစ္စည်းများ  စနစ်တကျ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်မှ ကာကွယ်ဆေးများ ဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အမြား စိုက်ထုတ် သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ  ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်  ကာကွယ်ဆေး လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်၍ ဖြန့်ဖြူး ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို   ဦးစားပေးအုပ်စု အလိုက်   အပိုဆောင်း ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီး  အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းအတွင်းရှိ  ပုံရိပ်ဖော်နည်းပညာနှင့် ဓာတ်မှန်ဌာန၊ ရောဂါဗေဒနှင့် အဏုဇီဝဗေဒဌာန၊ အထွေထွေရောဂါ ဆေးကုသဆောင်၊ သွေးရောဂါဆေးကုသဆောင်နှင့် အခပေးလူနာကုသခန်းများ၊ ရိုးတွင်းခြင်ဆီလဲလှယ် ကုသဌာနနှင့် သွေးရောဂါကုသဆောင်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု

စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း  အပြီးသတ်   ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ အလေးထားဆောင်ရွက်ပေးရန်၊ အဆောက်အအုံ အရည်အသွေး ကောင်းမွန်မှုသာမက အရည်အသွေးပြည့်ဝသည့် ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရန်နှင့် သတ်မှတ်အချိန်အတွင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့သွားရောက်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက် မှုအတွက် လိုအပ်သည့်အခြေခံ အဆောက်အဦ၊ စက်ပစ္စည်း၊ ဆေးဝါး၊ ရန်ပုံငွေများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးနှင့် ပညာရှင်ကြေးများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရည်အသွေးပြည့်ဝစွာ ပြည်သူများ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့်လည်း  ဆေးပညာဖွံ့ဖြိုး တိုးတက်ရေးအတွက်  သက်ဆိုင်ရာ ဘာသာရပ်များအလိုက်  ဆွေးနွေးပွဲများ၊  ညီလာခံများ စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ/ဌာနမှူးများကလည်း မိမိတို့၏ သက်ဆိုင်ရာ အထူးကုဘာသာရပ်များ  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးစားရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  အထူးကုဆေးရုံကြီး  ခုတင်-၅၀၀ရန်ကုန်သို့ သွားရောက်ပြီး အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ထားသော လူနာနှင့် အသည်းအလှူရှင်တို့အား တွေ့ဆုံအားပေးစကား ပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  ညှိနှိုင်းဆွေးနွေးပြီး  လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ရန်ကုန်မြို့၌ ယခုလ ၁၈ ရက်က  (၃၅)ကြိမ်မြောက်  အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယနေ့ဆိုလျှင် ရှစ်ရက်မြောက် ရှိပြီဖြစ်ကာ ပုံမှန်အတိုင်း စားသောက်နိုင်ပြီး အသည်းအလှူရှင်မှာလည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် ယနေ့တွင်  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။