နိုင်ငံ့လူငယ်များ အတွက် နည်းပညာဖြင့် ဘဝရပ်တည်ချက် မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်

 

နိုင်ငံ့လူငယ်များ အတွက် နည်းပညာဖြင့် ဘဝရပ်တည်ချက် မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်

 

ရေနံချောင်း  ဒီဇင်ဘာ  ၂၆

    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက   အစိုးရစက်မှုလက်မှု သိပ္ပံ(ချောက်)သို့   ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ဒေသတွင်း MSMEs  များ ဖွံ့ဖြိုးရေးအတွက်  လိုအပ်သော   နည်းပညာများ ပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများ တစ်ဦးချင်းဝင်ငွေ  မြင့်မားစေရေး အတွက်  သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး မှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းသား များအား ဂုဏ်ပြု လက်ဆောင်နှင့်   စာအုပ်များပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားဟောင်းများက ကျောင်းဆင်းပြီးနောက် အလုပ်အကိုင်များ ရရှိကာ ဘဝအဆင့်  မြင့်မားလာပုံ အတွေ့အကြုံ ရှင်းလင်းပွဲသို့ တက်ရောက်ပြီး ဗလငါးတန် ဖွံ့ဖြိုးကာ ကျင့်ဝတ်နှင့်စည်းကမ်း လေးစား လိုက်နာတတ်သော လူငယ်များဖြစ်စေရေး ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ သမိုင်းအထိမ်းအမှတ် နေရာများ၊ ပင်မဆောင်၊ အလုပ်ရုံများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေသော နည်းပညာ သင်တန်းများဖြင့် လှုပ်ရှားသက်ဝင်နေသော သိပ္ပံဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး အခက်အခဲ တင်ပြမှုများအပေါ်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 ထို့နောက်  ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ ပင်မဆောင်နှင့် အင်ဂျင်နီယာဌာန အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ  မှာကြားသည်။