COVID-19  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများ အား   စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၁၂

Coronavirus Disease 2019 (COVID-19)    ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့် ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသမီး ၁၁ ဦး ထပ်မံရောက်ရှိလာပြီး ရွှေညောင်မြို့ရှိ တည်းခိုရေး စခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်းသိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ၁၈ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၀ ဦးတို့ကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ် များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၃၃၀ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ ၂၄၉ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စား သောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။